နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှု အရှိန်ရ

နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ် ပေးဖို့ လက်မှတ်ရေးထိုး တောင်းဆိုတဲ့ လှုပ်ရှားမှုမှာ ပါဝင် လက်မှတ်ရေးထိုးသူ သောင်းဂဏန်းအထိ ရှိနေပြီး မေလ ဆန်းပိုင်းမှာ သမ္မတ ဦးသိန်းစိန်ထံ တင်ပြ တောင်းဆို သွားမယ်လို့ လှုပ်ရှားမှုကို တာဝန်ယူ ဆောင်ရွက်နေ တဲ့ ၈၈ မျိုးဆက် ခေါင်းဆောင်တွေက ပြောပါတယ်။

2011.04.30
prisoners_release_insein_305_Z အကျဉ်းသားမိသားစုဝင်များ အင်းစိန်ထောင်ဗူးဝ၌ စောင့်ဆိုင်းနေကြစဉ် ယခင် မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (Photo: AAPP)
Photo: AAPP

ဧပြီလကုန်ပိုင်းအထိ ရရှိထားတဲ့ လက်မှတ်တွေထဲမှာ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနဲ့ မကွေးတိုင်းအတွင်းက သာမန် ပြည်သူတွေပါ ပါဝင် လက်မှတ်ရေးထိုးလာကြပါတယ်။ အခုတကြိမ်မှာတော့ အထက်မြန်မာပြည်က လက်မှတ်တွေ အပါအဝင် လက်မှတ် သောင်းချီပြီး သမ္မတ ဦးသိန်းစိန်ရုံးကို ပေးပို့သွားမယ့်အကြောင်း တာဝန်ယူ ကောက်ခံနေသူတဦးဖြစ်တဲ့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ကိုတိုးကျော်လှိုင်က ပြောပါတယ်။

“အခုဆိုရင် မန္တလေးဘက်က လက်မှတ်တွေ၊ နောက် မကွေး၊ ရေနံချောင်း၊ စကု၊ စလင်း၊ ပွင့်ဖြူ၊ ဆင်ဖြူကျွန်း ဘက်က လက်မှတ်တွေ၊ နောက် ပဲခူးတိုင်းဘက်က လက်မှတ်တွေ၊ ဖြူးမြို့က လက်မှတ်တွေ၊ ရန်ကုန်တိုင်း မြို့နယ်အသီးသီးက လက်မှတ် အတော်များများ ကျနော်တို့ဆီ ပြန်ပြီး ဝင်နေပါပြီ။ စပြီးတော့ နိုင်ငံတော် သမ္မတဆီကို ၂၅ ရက်နေ့က စာတင်လိုက်တဲ့အချိန်မှာ နယ်ပယ်အသီးသီးမှာ ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေကို အဓိကထား စီစဉ်ရွေးချယ်ပြီးတော့ လက်မှတ် ၄ဝ၈ ခု ပို့ခဲ့တာပါ”

အဲဒီလက်မှတ် ၄ဝ၈ ခု ရေးထိုးခဲ့သူတွေထဲမှာ အထင်ကရ နိုင်ငံရေးသမားကြီးတွေ၊ စာရေးဆရာတွေနဲ့ ရုပ်ရှင် ဒါရိုက်တာတချို့ပါ ပါဝင် လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြပါတယ်။

ဒါ့အပြင် အမေရိကန် သမ္မတ၊ ဗြိတိန်ဝန်ကြီးချုပ် စသူတွေထံကိုလည်း ထောက်ခံမှုရရှိဖို့အတွက် စာပေးပို့သွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အမေရိကန်၊ ဂျပန်နဲ့ မလေးရှားနိုင်ငံတွေမှာ ရှိတဲ့ မြန်မာနိုင်ငံသား အသိုင်းအဝိုင်းတွေကလည်း နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး တောင်းဆိုဖို့အတွက် လက်မှတ်ရေးထိုးပေးဖို့ ကောက်ခံနေတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။