နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး အရှိန်အဟုန်မြင့် ဆောင်ရွက်
2012.01.08

၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့နဲ့ မျိုးဆက်သစ်လူငယ်များ (Generation Wave) အဖွဲ့တို့ ပူးပေါင်းပြီး ဒီကနေ့ တာမွေမြို့နယ်မှာရှိတဲ့ နိုင်ငံရေးအကျဉ်းသား ၁၅ ဦးရဲ့ မိသားစုဝင်တွေကို သွားရောက်တွေ့ဆုံ အားပေးခဲ့ပါတယ်။
ဒီ လှုပ်ရှားမှုကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ အဖွဲ့ရဲ့ ပြောခွင့်ရအမျိုးသမီး မမီမီလွင်က အာအက်ဖ်အေ ကို ပြောပါတယ်။
“တော်တော်ဝမ်းသာကြတာပေါ့။ သူတို့ စိတ်ထဲမှာ ဒီတခါ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ပတ်သက်ပြီး တအား မျှော်လင့်ထားကြတာ။ မလွတ်လာတဲ့အခါ သူတို့ တအားခံစားနေရတဲ့ အချိန်မှာ ကျမတို့ အဖွဲ့တွေ သွားပြီး နွေးထွေးမှု ပေးတဲ့အခါကျတော့ အရမ်းကို ဝမ်းသာကြပါတယ်။ ကျမတို့ ဒီလိုလုပ်တာဟာ မိသားစုကို နွေးထွေးရာလည်းကျတယ်၊ နိုင်ငံရေးအကျဉ်းသား မိသားစုတွေ ရှိနေတာကိုလည်း အစိုးရက အသိအမှတ်ပြုအောင်၊ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွတ်မြောက်စေချင်တဲ့ ဆန္ဒနဲ့ ကျမတို့ လုပ်တာပါ”
ဒီ လှုပ်ရှားမှုမှာ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေ ကိုယ်တိုင်လည်း ပါဝင်ပြီး စုစုပေါင်း လိုက်ပါအားပေးသူ အယောက် ၆ဝ ကျော် ရှိပါတယ်။ အာဏာပိုင်တွေဘက်က စောင့်ကြည့်တာတွေ ရှိပေမယ့် တစုံတရာ အနှောင့်အယှက် မပေးဘူးလို့ မမီမီလွင်က ပြောပါတယ်။
ဒီအဖွဲ့ဟာ နယ်ဝေးထောင် အသီးသီးကို ရောက်နေတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုပြုံးချို၊ မမီးမီး၊ ဗကသ မျိုးဆက်သစ် ခေါင်းဆောင် ကိုကျော်ကိုကိုနဲ့ မဟန်နီဦး တို့ရဲ့ မိသားစုဝင်တွေကိုလည်း ဒီကနေ့ တွေ့ဆုံ အားပေးခဲ့ကြပါတယ်။
နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးကို အများပြည်သူတွေ ပိုပြီး စိတ်ဝင်စားလာအောင် စည်းရုံးလှုပ်ရှားသွားမယ်လို့ မမီမီလွင်က ပြောပါတယ်။