အလုပ်အကိုင် ရှာဖွေရေး အခမဲ့ဝန်ဆောင်မှု အင်တာနက် ဝက်ဘ်ဆိုဒ် ဖွင့်လှစ်
2012.06.25

အလုပ်အကိုင်ရှာဖွေရေးနဲ့ ပတ်သက်လို့ အလုပ်အေဂျင်စီတွေကနေ အခကြေးငွေ မတရားယူနေတာတွေကြောင့် အလုပ်သမားတွေ နစ်နာဆုံးရှုံးမှုတွေကို ကူညီဖြေရှင်းပေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ အခုလို အင်တာနက်ဝက်ဘ်ဆိုဒ် ဝန်ဆောင်မှုကို ဆောင်ရွက်ပေးတာ ဖြစ်တယ်လို့ အဆိုတော် သားစိုးက RFA ကို ပြောပါတယ်။
"အလုပ်သမားတွေအတွက် အခမဲ့ ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီကို ဖွင့်လိုက်တာပါ။ ဝက်ဘ်ဆိုဒ်ကိုပေါ့နော်။ အလုပ်သမားတွေကို ရာသက်ပန် အခမဲ့လုပ်ပေးပါတယ်။ ပြီးတော့ ဒီအလုပ်ရှင်တွေကို တစ်နှစ် အခမဲ့ပေးထားပါတယ်။ ဒီမြန်မာနိုင်ငံမှာက အလုပ်သမားတွေက အလုပ် အေဂျင်စီကိုသွားတဲ့ အခါကျရင် အလုပ်သမားတွေရဲ့ ဝန်ဆောင်ခကို တောင်းတယ်။ ပထမဆုံးရတဲ့ လစာရဲ့ တဝက်အထိကို လိုက်ပြီးတော့ တောင်းတယ်။ တချို့တွေဆိုရင် တစ်လစာတောင် ယူတယ်။ စသည်ဖြင့်ပေါ့နော်။ အဲဒီလိုမျိုး မတရားမှုတွေ ဖြစ်နေတဲ့ အတွက်ကြောင့် ကျွန်တော်က အခမဲ့ ဝက်ဘ်ဆိုဒ် တင်ပေးလိုက်တာပါ။ အဓိက ကတော့ ဒီအလုပ်သမားထုအတွက် ကြိုက်တဲ့အလုပ် အေးအေးဆေးဆေး ကိုယ်ကလိုက်ပြီး ရွေးလို့ရမယ်။ အလုပ်ရှင်တွေ အကြောင်းတွေကိုလည်း ဒီအလုပ်ရှင်တွေက အလုပ်သမားတွေကို ခေါ်မဲ့အခါမှာ သူတို့ရဲ့ ဘက်ဂရောင်း၊ သူတို့ပေးရမဲ့ ပိုက်ဆံ၊ အလုပ်ချိန်စသည်ဖြင့် အကုန်လုံး ပွင့်ပွင့်လင်းလင်း ရေးပြီးတော့ တရားဝင် ခေါ်လို့ရအောင် ကျွန်တော်လုပ်ရမှာပါ။ ဒီကိစ္စ ကိုလည်း အလုပ်သမားဝန်ကြီးဌာနကို မှတ်ပုံတင်ပြီး လုပ်ပေးမှာပါ"
www.myanmarbestjob.com အမည်နဲ့ အင်တာနက် ဝက်ဘ်ဆိုဒ် ဖွင့်လှစ်ထားပြီး ဖေဖော်ဝါရီလ ကတည်းက စတင်ဆောင်ရွက်နေပေမယ့် အခုမှ တရားဝင်ဖြစ်အောင် ကြေညာလိုက်တာလို့ ကိုသားစိုးက ဆိုပါတယ်။
ဒီဝက်ဘက်ဆိုဒ် ဖွင့်လှစ်တာနဲ့ ပတ်သက်လို့ အလုပ်သမားရေးရာ ဝန်ကြီးဌာနကိုလည်း တရားဝင် မှတ်ပုံတင်မှာ ဖြစ်တယ်လို့ ကိုသားစိုးက ပြောပါတယ်။
ဒ့ါအပြင် နာမည်ကျော် အနုပညာရှင် အများစုပါဝင်တဲ့ မြန်မာချစ်သူအဖွဲ့ကနေ ရခိုင်ပြည်နယ်က ဒုက္ခသည်တွေအတွက် မနေ့ကစတင်ပြီး အလှူငွေတွေကို ကိုယ်တိုင်လည်း ထည့်ဝင်ကြသလို လှူဖွယ်ပစ္စည်းတွေကိုလည်း လက်ခံနေပြီး မကြာခင် ရခိုင်ပြည်နယ်ကို သွားရောက် လှူဒါန်းမှာ ဖြစ်တယ်လို့ ကိုသားစိုးက ပြောသွားပါတယ်။