ရခိုင်မှာ အစိုးရနဲ့စစ်တပ်ကိုဆန္ဒပြခဲ့တဲ့ ကျောင်းသားလေးဦးကို ထောင်ဒဏ် ၂ နှစ်ခွဲစီချ

ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်က ရခိုင်ပြည်နယ်မှာ ဖြတ်တောက်ခဲ့တဲ့ အင်တာနက်လိုင်းတွေ ပြန်ဖွင့်ပေးဖို့နဲ့ စစ်တပ်နဲ့ အစိုးရကို ဆန့်ကျင်ဆန္ဒပြလို့ အချိန်တစ်နှစ်နီးပါးကြာ ဖမ်းဆီးတရားစွဲခံထားရတဲ့ ကျောင်းသား လေးဦးဟာ စက်တင်ဘာလ ၁၆ ရက် ဒီနေ့မှာ စစ်တွေမြို့နယ်တရားရုံးကနေ ထောင်ဒဏ် ၂ နှစ်နဲ့ ခြောက်လ အသီးသီးအမိန့် ချမှတ်ခံလိုက်ရတယ်လို့ အကျိုးဆောင်ရှေ့နေနဲ့ မိသားစုဝင်တွေက RFA ကို ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ အင်တာနက်ပြန်ဖွင့်ပေးဖို့ ၂၀၂၀ စက်တင်ဘာ ၉ ရက်နေ့က ရခိုင်ပြည်နယ် အစိုးရရုံးရှေ့မှာ ဆန္ဒပြနေတဲ့ ကျောင်းသား သုံးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့စဉ်

ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်က ရခိုင်ပြည်နယ်မှာ ဖြတ်တောက်ခဲ့တဲ့ အင်တာနက်လိုင်းတွေ ပြန်ဖွင့်ပေးဖို့နဲ့ စစ်တပ်နဲ့ အစိုးရကို ဆန့်ကျင်ဆန္ဒပြလို့ အချိန်တစ်နှစ်နီးပါးကြာ ဖမ်းဆီးတရားစွဲခံထားရတဲ့ ကျောင်းသား လေးဦးဟာ စက်တင်ဘာလ ၁၆ ရက် ဒီနေ့မှာ စစ်တွေမြို့နယ်တရားရုံးကနေ ထောင်ဒဏ် ၂ နှစ်နဲ့ ခြောက်လ အသီးသီးအမိန့် ချမှတ်ခံလိုက်ရတယ်လို့ အကျိုးဆောင်ရှေ့နေနဲ့ မိသားစုဝင်တွေက RFA ကို ပြောပါတယ်။

ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်၊ ကိုကောင်းထွန်းနဲ့ ကျောက်ဖြူ ပညာရေး ကောလိပ်က ကိုမြတ်စိုးဝင်းတို့ လေးဦးကို ဗီဒီယိုအွန်လိုင်းစနစ်နဲ့ ဒီနေ့ ရုံးထုတ်စွဲချက်အမိန့်ချပြီးပြီးချင်းမှာပဲ အပြီးသတ်အမိန့်ကိုပါ ဆက်လက်ချမှတ်လိုက်တာလို့ အကျိုးဆောင်ရှေ့နေ ဦးကျော်ညွှန့်မောင်က RFA ကို ပြောပါတယ်။

“ဒီနေ့ ဗီဒီယိုအွင်လိုင်းစနစ်နဲ့ စွဲချက်တင်ပါတယ်။ အဲဒီတင်တဲ့အခါမှာ တရားသူကြီးက မေးတယ်။ မင်းတို့ အပြစ်ရှိလားလို့ မေးတယ်။ ကျောင်းသားတွေကတော့ အပြစ်ရှိတယ်လို့ ဝန်ခံလိုက်တာကို။ အပြစ်ရှိတယ် လို့ ဝန်ခံလိုက်တဲ့အတွက်ကြောင့် တရားသူကြီးကနေပြီးတော့ ချက်ချင်းပဲ အမိန့်ချမှတ်လိုက်တာပါ”

ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်က ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား စစ်ရေးပြင်း ထန်နေစဉ် ရခိုင်ပြည်နယ်က မြို့နယ် ၇ ခုနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေကို ၂၀၁၉ ခုနှစ် ဇွန်လ ၂၁ ရက်နေ့ကစပြီး အချိန်တစ်နှစ်ကျော်ကြာအထိ အစိုးရက အင်တာနက်လိုင်းဖြတ်တောက်ခဲ့ပါတယ်။

"ဒီလောက်ထိ ပြစ်ဒဏ်ကတော့ မချမှတ်ပေးစေချင်ဘူးပေါ့။ နိုင်ငံတော်ကို ပုန်ကန်တာလည်း မဟုတ်ဘူး"

အင်တာနက် ဖြတ်တောက်ခံထားရတဲ့ကာလအတွင်း အရပ်သား ၃၀၀ ကျော်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၇၀၀ ကျော်အထိရှိလာခဲ့ချိန်မှာပဲ အဲဒီ ကျောင်းသားတွေဟာ အင်တာနက်လိုင်းတွေ ပြန်ဖွင့်ပေးဖို့နဲ့ လူ့အခွင့် အရေးတွေ ချိုးဖောက်နေတဲ့ စစ်တပ်နဲ့ အစိုးရကို အလိုမရှိကြောင်း စစ်တွေမြို့မှာ ၂၀၂၀ ခုနှစ် အောက်တိုဘာ လ ၁၉ ရက်နေ့က ကန့်ကွက်ဆန္ဒပြချိန်မှာ ဖမ်းဆီးခံခဲ့ရတာပါ။

အဲဒီနောက် စစ်တွေမြို့နယ် ရဲမှူး ဇော်နိုင်နဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ဦးစီးအရာရှိ ဦးအောင်စံဝေတို့က တရားလိုလုပ်ပြီး နိုင်ငံတော် အကြည်အညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ - ၂၉ တို့နဲ့ တရားစွဲခဲ့တာဖြစ်ပါတယ်။

ဒီနေ့မှာတော့ နိုင်ငံတော် အကြည်အညိုပျက်စေမှု၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) အတွက် ထောင်ဒဏ် နှစ်နှစ်နဲ့ ဘေးစီမံပုဒ်မ -၂၅ အတွက် ထောင်ဒဏ် ၆ လ၊ စုစုပေါင်း ၂ နှစ်နဲ့ခြောက်လ ချမှတ်ခံခဲ့ရတာပါ။

ပြည်သူတွေရဲ့လိုအပ်ချက်တွေကို ဆန္ဒပြတောင်းဆိုတာကို အခုလို ထောင်ဒဏ်နှစ်နှစ်ကျော်အထိ ချမှတ်လိုက် တဲ့အပေါ် လက်မခံနိုင်ဘူးလို့ မိသားစုဝင်တွေက တုံ့ပြန်ကြပါတယ်။

ထောင်ဒဏ်ချက်မှတ်ခံလိုရတဲ့ ကိုဦးသန်းနိုင်ရဲ့ဖခင် ဦးမောင်အေးထွန်းကတော့ မိဘတွေတောင် မသိလိုက် ရဘဲ အခုလို ချက်ချင်းထောင်ဒဏ်ချက်မှတ်လိုက်တာဟာ မဖြစ်သင့်ဘူးလို့ ပြောပါတယ်။

“ဒါကိုတော့ မတရားဘူး။ တမင်ကိုနှိမ်တာလို့ပဲထင်တယ်။ ပြည်သူဘက်က ရပ်တည်ပြီးတော့ ပြည်သူတွေ ဖြစ်ပျက်နေတဲ့အကြောင်းတွေကို ဆန္ဒဖော်ထုတ်တာပဲဖြစ်ပါတယ်။ ဒါကို လူမသိသူမသိ မိဘတွေလည်း မသိလိုက်ရဘဲနဲ့ ထောင်နှစ်နှစ်ကျော် မှောင်ခိုချတာကတော့ မကောင်းဘူးလို့ထင်တယ်။ ဒါဟာတရား လက်မဲ့ ဖြစ်နေတာ။ အမိန့်ချမယ်ဆိုရင်လည်း ကျွန်တော်တို့ရှေ့ကပဲ အမိန့်ချစေချင်တယ်။ အခုလိုလုပ် တာကတော့ မဖြစ်သင့်ဘူးလို့ထင်တယ်”

ကိုဦးသန်းနိုင်ဟာ စစ်တွေ ကွန်ပျူတာတက္ကသိုလ်မှာ တတိယနှစ်ပညာသင်ကြားနေတဲ့ ကျောင်းသားတစ်ဦး ဖြစ်ပါတယ်။ အခုလို ထောင်ဒဏ်ချမှတ်ခံလိုက်ရတာကြောင့် သူ့ရဲ့ပညာရေးအခွင့်အလမ်းဟာလည်း နစ်နာ သွားပြီဖြစ်သလို ထောင်ထဲမှာ ကျဉ်းကျဉ်းကျပ်ကျပ်နေထိုင်တော့ရမယ့် သားဖြစ်သူအတွက် စိတ်မကောင်း ဖြစ်မိတယ်လို့လည်း ဦးမောင်အေးထွန်းက ပြောပါတယ်။

အလားတူ ထောင်ဒဏ်ချမှတ်ခံလိုက်ရတဲ့ ကိုကျော်နိုင်ဌေးရဲ့ အစ်ကိုဖြစ်သူ ကိုကျော်မင်းဌေးကလည်း ပြည်သူတွေရဲ့လိုအပ်ချက်ကို ဆန္ဒပြတောင်းဆိုတာကို အခုလို ထောင်ဒဏ်ချမှတ်လိုက်တဲ့အပေါ် စိတ်မကောင်းဖြစ်မိတယ်လို့ ဆိုပါတယ်။

“အများကြီးစိတ်မကောင်းဖြစ်ရတာပေါ့။ ဒီလောက်ထိ ပြစ်ဒဏ်ကတော့ မချမှတ်ပေးစေချင်ဘူးပေါ့။ နိုင်ငံတော်ကို ပုန်ကန်တာလည်း မဟုတ်ဘူး။ နိုင်ငံတော် အကြည်အညိုပျက်စေမှုနဲ့ တရားစွဲထားတာ။ အကြည်အညိုပျက်စေလောက်အောင်လည်း သူတို့ ဆန္ဒထုတ်ဖော်တဲ့အထဲမှာ မပါဘူး။ တကယ့်ဖြစ်ရပ် မှန်ကို သူတို့က အုပ်ချုပ်တဲ့ ခေါင်းဆောင်တွေသိစေချင်လို့ ဆန္ဒဖော်ထုတ်တာပဲဖြစ်တယ်”

ကိုကျော်နိုင်ဌေးဟာလည်း စစ်တွေတက္ကသိုလ်မှာ ဥပဒေဘာသာရပ်နဲ့ စတုတ္ထနှစ် ပညာသင်ကြားနေတဲ့ ကျောင်းသားတစ်ဦးဖြစ်ပါတယ်။

ကျောင်းသားတွေကို အမိန့်ချမှတ်မယ်ဆိုတဲ့အကြောင်းကို အသိမပေးဘဲ တရားရုံးကနေအခုလို ချက်ချင်းချ မှတ်လိုက်တဲ့အမိန့်ဟာ မတရားဘူးဆိုတာ ပိုပြီးပေါ်လွင်နေတယ်လို့ ရက္ခိုင်ပြည်ကျောင်းသား သမဂ္ဂအဖွဲ့က ကိုတိုးတိုးအောင်က တုံ့ပြန်ပါတယ်။

“ဒါကသပ်သပ်ကြီးကို ညစ်ပစ်တာလို့ပဲ ကျွန်တော်တို့ ပြောချင်တယ်။ ညစ်ပစ်တယ် မညစ်ပစ်ဘူးဆိုတာ ဒီနေ့ဟာ ပိုပြီးတော့ မြင်နိုင်တယ်ပေါ့နော်။ ဘာလို့လဲဆိုရင် ကျွန်တော်တို့ကို အမိန့်ချမှာကို အသိမပေးဘူး။ ဒီအတိုင်းပဲ အမိန့်ချလိုက်တယ်။ ဒါဟာ သူတို့ရဲ့မတရားမှုကို ပိုပြီးတော့ထင်ပေါ်သွားတယ်လို့ ကျွန်တော်တို့ သတ်မှတ်တယ်”

ကိုတိုးတိုးအောင်ဟာလည်း ပြီးခဲ့တဲ့ ၂၀၂၀ခုနှစ် စတင်ဘာလ ၉ ရက်နေ့က ရခိုင်ပြည်နယ်အစိုးရရုံးရှေ့မှာ ကိုဦးသန်းနိုင်၊ ကိုကျော်နိုင်ဌေးတို့အနဲ့အတူ ဆန္ဒပြတောင်းဆိုခဲ့လို့ ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ နဲ့ဖမ်းဆီး တရားစွဲခံခဲ့ရပြီး ၂၀၂၁ ခုနှစ် မေလ ၆ ရက်နေ့မှာ ငွေဒဏ် နှစ်သောင်းစီချမှတ်ခံခဲ့ရသူပါ။

(ရခိုင်ပြည်နယ်မှာ အင်တာနက်ပြန်ဖွင့်ပေးဖို့ ၂၀၂၀ ဖေဖော်ဝါရီ ၂၂ ရက်နေ့က စစ်တွေမြို့မှာ ဆန္ဒပြခဲ့ကြစဉ်)

ဒီနေ့ အမိန့်ချမှတ်ခံရတဲ့ ကျောင်းသားတွေဟာ အကျဉ်းထောင်အချုပ်ထဲမှာ အချိန်တစ်နှစ်နီးပါးကြာ အမှု ရင်ဆိုင်ခဲ့ရပြီးဖြစ်တာကြောင့် သူတို့ဟာ နောက်ထပ်အချိန်တစ်နှစ်ကျော်အထိ အကျဉ်းကျခံကြရဦးမှာ ဖြစ်ပါတယ်။

သူတို့အတွက် စစ်တွေခရိုင်တရားရုံးကို ဆက်လက်အယူခံဝင်ဖို့ ပြင်ဆင်နေတယ်လို့လည်း ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂနဲ့ အကျိုးဆောင်ရှေ့နေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org