ရွှေဘို၊ သီးလုံးရွာမှာ ရွာသားချင်း ပြဿနာဖြစ်ပြီး လေးဦး သေဆုံး
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနားက သီးလုံးကျေးရွာမှာ ဧပြီ ၂၈ ရက်နေ့ညက အာဏာသိမ်းစစ်ကောင်စီကို ထောက်ခံပြီး သတင်းပေး ဒလံလုပ်ပေးနေတဲ့ ရွာသားတွေနဲ့ ဒီမိုကရေစီကိုလိုလားတဲ့ ရွာသားတွေ အချင်းချင်း စကားများပြီး တုတ်တွေ၊ ဓားတွေ ဂျင်ကလိတွေနဲ့ ပစ်ခတ်ပြီး ရန်ဖြစ်ကြတာကြောင့် စစ်ကောင်စီကို ထောက်ခံတဲ့ဘက်က လူလေးယောက် သေဆုံးပြီး ခုနှစ်ယောက် ဒဏ်ရာရခဲ့ပါတယ်။
- 2021-04-30
-
-
-
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနားက သီးလုံးကျေးရွာမှာ ဧပြီ ၂၈ ရက်နေ့ညက အာဏာသိမ်းစစ်ကောင်စီကို ထောက်ခံပြီး သတင်းပေး ဒလံလုပ်ပေးနေတဲ့ ရွာသားတွေနဲ့ ဒီမိုကရေစီကိုလိုလားတဲ့ ရွာသားတွေ အချင်းချင်း စကားများပြီး တုတ်တွေ၊ ဓားတွေ ဂျင်ကလိတွေနဲ့ ပစ်ခတ်ပြီး ရန်ဖြစ်ကြတာကြောင့် စစ်ကောင်စီကို ထောက် ခံတဲ့ဘက်က လူလေးယောက် သေဆုံးပြီး ခုနှစ်ယောက် ဒဏ်ရာရခဲ့ပါတယ်။
တစ်အိမ်ထဲမှာတင် သားအဖနှစ်ယောက် သေဆုံးတာရှိခဲ့ပြီး သူတို့ကို မနေ့ကညနေပိုင်းမှာ ရွှေဘိုသုသာန်မှာ သင်္ဂြိုဟ်ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လူမှုကူညီရေးလုပ်ဆောင်ပေးသူ တစ်ယောက်က RFA ကို ဒီကနေ့ပြောပါတယ်။
ဧပြီ ၂၈ ရက်ညက ဖြစ်ခဲ့တာဖြစ်ပေမယ့် စစ်ကောင်စီက အင်တာနက်လိုင်းတွေ ပိတ်ထားတာကြောင့် ဒီနေ့ မနက်ပိုင်းမှာက သတင်းတွေ သိကြတာရလို့ ဆက်ပြောပါတယ်။
သီးလုံးရွာဟာ ရွှေဘိုမြို့ကနေ ဆိုင်ကယ်နဲ့ မိနစ်နှစ်ဆယ်ခန့်သာ သွားရတဲ့ အိမ်ခြေ တစ်ထောင်လောက်ရှိတဲ့ ကျေးရွာကြီးဖြစ်ပြီး ရွာသားတွေဟာ အရင်ကတည်းက ထောက်ခံတဲ့ပါတီတွေမတူဘဲ တောင်ဘက်အခြမ်းနဲ့ မြောက်ဘက်အခြမ်းခွဲပြီး နေနေကြတာလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
ဧပြီလ ၂၉ ရက် မနေ့ညနေပိုင်းမှာတော့ သေဆုံးတဲ့ လေးယောက်ကို ရွှေဘိုသုသာန်မှာ သင်္ဂြိုဟ်လိုက်တယ် လို့လည်း လူမှုကူညီရေး လုပ်ဆောင်ပေးနေသူဆိုပါတယ်။ ဒဏ်ရာရသူတွေကို ရွှေဘိုဆေးရုံကို ပို့ဆောင်ပြီး ဆေးကုနေသလို တချို့ကတော့ မုံရွာမြို့မှာရှိတဲ့ စစ်ဆေးရုံထံ ပြောင်းရွှေ့ကုသနေကြတယ်လို့ ပြောပါတယ်။