ကလေးမြို့မှာ အမျိုးသားလေးဦး ဖမ်းဆီးခံရ
စစ်ကိုင်းတိုင်း ကလေးမြို့မှာ အောက်တိုဘာ ၃၁ ရက် မနေ့ညနေ ၇ နာရီခန့် က အောင်မေတ္တာရပ်ကွက် ပြင်သာ သုသာန်အနီးမှာ အမျိုးသားလေးဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့မနက်က ပြောပါတယ်။
- 2021-11-01
-
-
-
စစ်ကိုင်းတိုင်း ကလေးမြို့မှာ အောက်တိုဘာ ၃၁ ရက် မနေ့ညနေ ၇ နာရီခန့် က အောင်မေတ္တာရပ်ကွက် ပြင်သာ သုသာန်အနီးမှာ အမျိုးသား လေးဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့မနက်က ပြောပါတယ်။
ဖမ်းဆီးခံရသူတွေဟာ အောင်မေတ္တာရပ်ကွက်က နှစ်ဦးနဲ့ အောင်သစ္စာရပ်ကွက်က နှစ်ဦးဖြစ်ပြီး ပြင်သာသုသာန်အနီးက ချောင်းမှာ ငါးမျှားနေချိန် ဖမ်းဆီးခံခဲ့ရတာလို့ မြို့ခံတွေက ပြောပါတယ်။
သူတို့ လေးဦးကို ကလေးမြို့ ဒေသကွက်ကဲရေးစစ်ဌာနချုပ် (ဒကစ) ကို ဆက်လက်ခေါ်ဆောင်သွားပြီး ဘာကြောင့်ဖမ်းဆီးတယ်ဆိုတဲ့ အကြောင်းရင်းကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
ကလေးမြိုနယ်မှာ ကျေးရွာအချို့မှာ စစ်တပ်ကတပ်စွဲထားသလို မြို့ပေါ်မှာရှိတဲ့ ပင်လုံ၊ တောင်သာ၊ စမ်းမြို့ စတဲ့ရပ်ကွက်တွေမှာလည်း အခုရက်ပိုင်းတွေအတွင်း ဆိုင်ကယ်နဲ့ ကားတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကလေးမြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဒီနေ့အချိန်ထိ ဖမ်းဆီးခံရသူ ၂၀၀ ကျော်ရှိတယ်လို့ ကလေးမြို့က ဆန္ဒပြ သပိတ်ဦးဆောင်သူတွေက ပြောပါတယ်။