ဒီးမော့ဆိုက KNDF ကင်းစခန်း တိုက်ခိုက်ခံရလို့ လေးဦးကျဆုံး
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ဟိုဖိတ်ကျေးရွာမှာ ကင်းစောင့်နေတဲ့ ကရင်နီ အမျိုးသားကာကွယ်ရေး (KNDF) တပ်ဖွဲ့ဝင်တွေကို ဒီနေ့ နိုဝင်ဘာလ ၂၅ ရက် မနက်က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာကြောင့် KNDF တပ်သားလေးဦး ကျသွားတယ်လို့ KNDF မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
- 2021-11-25
-
-
-
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ဟိုဖိတ်ကျေးရွာမှာ ကင်းစောင့်နေတဲ့ ကရင်နီအမျိုးသားကာကွယ်ရေး (KNDF) တပ်ဖွဲ့ဝင်တွေကို ဒီနေ့ နိုဝင်ဘာလ ၂၅ ရက် မနက်က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာကြောင့် KNDF တပ်သား လေးဦး ကျသွားတယ်လို့ KNDF မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အလစ်အငိုက် တိုက်ခိုက်ခံလိုက်ရတာလို့လည်း KNDF မှ တာဝန်ရှိသူက ပြောပါတယ်။
“ကျနော်တို့ကင်းသမား လေးယောက် အလစ်အငိုက်ဝင်ပစ်ခံရလို့ ကျသွားပါတယ်”
ကျဆုံးသွားသူ လေးဦးဟာ အသက် ၃၀ ဝန်းကျင်အရွယ် အန်းဂျလို၊ ဒေးဗစ်၊ အေဖရိုင်၊ ဘဲလင်းနို တို့ဖြစ်တယ် လို့ ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်ခံရပြီးနောက် မနက် ၅ နာရီကနေ ၉ နာရီအထိ အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင် စီတပ်ဘက်က လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ဆိုပါတယ်။ အသေး စိတ်ကိုတော့ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။
ဒီနေ့မနက်က တိုက်ပွဲဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ဒီးမော့ဆိုမြို့နယ် ငွေတောင်မှာရှိတဲ့ ၄၂၇ တပ်ရင်းက ဖြစ်ပြီး ဟိုဖိတ်ရွာမှာ တိုက်ပွဲဖြစ်ပြီးနောက်မှာ ရွာသားတချို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မျက်မြင်ဒေသခံတစ်ဦးက ပြောပါတယ်။
နိုဝင်ဘာ ၂၃ ရက် မနေ့ကလည်း ဒီးမော့ဆိုမြို့နယ် ဒေါဘိုးစီကျေးရွာနဲ့ ရဲစခန်းအနီးတွေမှာလည်း တိုက်ပွဲအပြန်အလှန်ဖြစ်တာတွေရှိခဲ့ပြီး စစ်ကောင်စီဘက်က ငါးဦးကျသွားတယ်လို့ KNDF က မနေ့က ထုတ်ပြန်ထားပါတယ်။
ဒီနေ့မနက်ကနဲ့ မနေ့က တိုက်ပွဲတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။ အသေးစိတ်အချက်အလက်တွေကို သိနိုင်ဖို့ RFA က စစ်ကောင်စီပြောခွင့်ရသူကို ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။
ဒီးမော့ဆိုမြို့နယ်အတွင်းမှာ အခုရက်ပိုင်းတွေအတွင်း စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။