ရေဘေးဒဏ်ခံရသူ ၂သိန်း ၄သောင်းကျော်အတွက် သိန်း ၁၅၀၀ ကျော်ဖိုး ထောက်ပံ့
2017.07.25

Photo: Myanmar Fire Services Department FB
မကွေး၊ ရခိုင်၊ပဲခူး၊ မွန် စတဲ့ တိုင်းနဲ့ပြည်နယ် ၉ခုက ရေဘေးဒဏ်ခံနေရသူ နှစ်သိန်းလေးသောင်းကျော်အတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက စားနပ်ရိက္ခာနဲ့ နေအိမ်ပြုပြင် ဆောက် လုပ်ရေးအတွက် ကူညီထောက်ပံ့မှုတွေ ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
ဇူလိုင်လအတွင်း တိုင်းနဲ့ပြည်နယ် ၉ ခုက ရေဘေးသင့်ပြည်သူတွေအတွက် စားနပ်ရိက္ခာထောက်ပံ့မှုမှာ ငွေကျပ် သိန်းပေါင်း ၁၅၀၀ ကျော်သုံးစွဲခဲ့တယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကပြောပါတယ်။
"မနေ့ကထိကတော့ အဲ့ဒါရိက္ခာဖိုးပဲရှိသေးတာလေ။ အဲ့ဒါသိန်းပေါင်း ၁၅၇၅ သိန်း သုံးသောင်း ကိုးထောင် လေးရာ့ကိုးဆယ်။ တချို့နေရာတွေမှာ ရေက ချက်ခြင်းကျတော့မယ်ဆိုရင် ၃ ရက်စာ ၁ ပတ်စာပေါ့။ ၁ ပတ်စာ ပေးတယ်ပေါ့။ ရေမကျတဲ့ နေရာဆိုရင်တော့ ၂ ပတ်စာပေးမယ်ပေါ့။ ဒါပေမဲ့ အခုဟာ ရေကျတာ အရင်ခါတိုင်းထက်စာရင်တော့ မဆိုးဘူးပေါ့။ ဒါသိပ်မကြာဘူးဆိုတဲ့ သဘောတော့ရှိတယ်။"
ဒီလဆန်းပိုင်းက စတင်ပြီး မိုးရွာသွန်းမှုများတာကြောင့် ရေကြီးရေလျှံမှုတွေဖြစ်ရာ ရခိုင်ပြည်နယ်မှာ ရေဘေးဒဏ် ခံနေရသူ တစ်သိန်းနှစ်သောင်းကျော်နဲ့ မကွေးတိုင်းမှာ ရေဘေးသင့်ပြည်သူ ရှစ်သောင်းကျော် အထိ ရှိခဲ့ပြီး လူဦးရေအများဆုံး ရေဘေးဒဏ်ခံစားခဲ့ရတာ ဖြစ်ပါတယ်။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနဲ့ အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှု ကော် မတီတို့အနေနဲ့ ကယ်ဆယ်ရေးစခန်းတွေကို လာရောက်ခိုလှုံသူတွေကို ကူညီထောက်ပံ့မှုတွေ ပေးနေ သလို အိမ်တိုင်ရာရောက်ကယ်ဆယ်ရေးပစ္စည်းတွေ သွားရောက်ပို့ဆောင်မှုတွေလည်း လုပ်ဆောင်နေတယ် လို့ ပြောပါတယ်။
သွားလာရေးခက်ခဲပြီး လက်လှမ်းမမှီတဲ့နေရာတွေကို ကယ်ဆယ်ရေးပစ္စည်းတွေ မရောက်ရှိမှာ စိုးရိမ်တာ ကြောင့် စိစစ်ဆောင်ရွက်ကြဖို့ကိုလည်း ညွှန်ကြားထားတယ်လို့ ဝန်ကြီးဒေါက်တာဝင်းမြတ်အေး ကပြောပါ တယ်။
အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီအနေနဲ့ သဘာဝဘေးကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ တစ်နှစ်ကို ရန်ပုံငွေ မြန်မာကျပ်ငွေဘီလီယံ ၂၀ နှစ်စဉ်ရရှိထားတယ်လို့ ပြောပါတယ်။