ဘဏ္ဍာရေး ပူးပေါင်းဆောင် ရွက်ရေး အာဆီယံ သဘောတူ


2014.04.06
u-thein-sein-asean-cambodia-b305 ၂၀၁၂ ခုနှစ် ဧပြီလ ၃ ရက်က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင် မြို့တွင် ကျင်းပသော အာဆီယံ ထိပ်သီးအစည်းအဝေး၌ သမ္မတ ဦးသိန်းစိန် တက်ရောက်နေစဉ်။
AFP

အာဆီယံနိုင်ငံတွေကြား ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းတွေ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေး ဆိုတဲ့ အိမ်ရှင် မြန်မာနိုင်ငံရဲ့ အဆိုကို အာဆီယံနိုင်ငံတွေက စနေနေ့ က သဘောတူခဲ့ကြပါတယ်။

နေပြည်တော် မှာ ကျင်းပခဲ့တဲ့ (၁၈)ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများစည်းဝေးပွဲမှာ အာဆီယံ ပြည်သူတွေအားလုံး ဘဏ္ဍာရေးဝန်ဆောင် မှုတွေကို သုံးစွဲနိုင်အောင် ပံ့ပို့ကူညီရေးအတွက် ဘဏ္ဍာရေး ဆိုင်ရာလုပ်ငန်းတွေ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေး စနစ်ကို မြှင့်တင်ကြဖို့ အဆိုကို  လက်ခံသဘောတူ ခဲ့ကြတာ ဖြစ်ကြောင်း သိရပါတယ်။

မြန်မာပြည်သူတွေဟာ ဘဏ္ဍာရေးဝန်ဆောင်မှုတွေကို သုံးစွဲတဲ့နေရာမှာ အားနည်းနေသေးတာကြောင့် ၊ ဒေသတွင်းက ပြည်သူတိုင်း ဘဏ္ဍာရေးဝန်ဆောင်မှုတွေ တိုးတက်သုံးစွဲလာနိုင်အောင် ကူညီဆောင်ရွက်ကြဖို့ စည်းဝေးပွဲမှာ အလေးပေးဆွေးနွေးခဲ့ကြတာဖြစ်ကြောင်း၊ ဒီအဆိုနဲ့ပတ်သက်ပြီး ညီလာခံအဆင့် ဆွေးနွေးပွဲ တစ်ရပ် ကျင်းပပြီး အသေးစိတ် ဆက်လက်ဆွေးနွေးသွားမှာဖြစ်ကြောင်း မြန်မာအစိုးရ ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်း၊ ဗဟိုဘဏ်၊ စီးပွားရေး စာရင်းဇယား စတဲ့ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စ တွေကို နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF က ကူညီပံ့ပိုးပေးနေပါတယ်။ မြန်မာနိုင်ငံ ပွင့်လင်းလာတာ သုံးနှစ်ရှိပြီဖြစ်ပေမဲ့ကျော်လွှားရမယ့် အခက်အခဲတွေ ရှိနေသေးတယ်လို့ IMF က ပြောပါတယ်။

ဒီအတွင်း မြန်မာနိုင်ငံရဲ့ ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးူတိုးတက်ရေးအတွက် Myanmar Business Forum ခေါ်  မြန်မာ့ စီးပွားရေး.လုပ်ငန်း ဆိုင်ရာ အသင်းအဖွဲ့ တစ်ရပ် ဖွဲစည်းဖို့ စီစဉ်ဆောင်ရွက်နေပြီလို့ မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလုပ်ငန်းရှင်များအသင်းက  ပြောပါတယ်။

အသင်းလူကြီးတွေ ဖွဲ့စည်းထားပြီဖြစ်ပြီး၊ မကြာခင် အလုပ်အဖွဲ့တွေ စတင်တော့မယ်လို့ ဆိုပါတယ်။လုပ်ငန်းအပြည့် အဝ ဆောင်ရွက်နိုင်ပြီဆိုရင် အသင်းရဲ့ စည်းမျဉ်းမူကြမ်းတွေရေးဆွဲမှာဖြစ်ပြီး တစ်နှစ်ကို ဆွေးနွေးပွဲ နှစ်ကြိမ်ကျင်းပ မယ်လို့ဆိုပါတယ်။

ဒီအသင်းဖွဲ့စည်းဖို့ သမ္မတ ဦးသိန်းစိန်က စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံခဲ့စဉ်အတွင်း လမ်းညွန်ချက် ပေးခဲ့ပြီး၊ IFC ခေါ် နိုင်ငံတကာ ဘဏ္ဍာရေးကော်ပိုရေးရှင်းက နည်းပညာပိုင်းကုညီပံ့ပိုးပေးမယ်လို့လည်း သိရပါတယ်။

IFC ဟာ အလားတူ ဖိုရမ်တွေကို လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်အပါအဝင် နိုင်ငံ ၁၃ နိုင်ငံမှာ အောင်အောင်မြင်မြင် ဖွဲ့စည်းပေးခဲ့တယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။