မိုးမောက်မြို့နယ်အတွင်း တိုက်ပွဲတွေ ပြင်းထန်နေ
ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်းမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီ ဘက်က တိုက်လေယာဉ်တွေသုံးပြီး တိုက်ခိုက်နေတယ်လို့ KIA စစ်ဆင်ရေးအရာရှိ တစ်ဦးက RFA ကို ပြောပါတယ်။
- 2021-04-25
-
-
-
ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်းက ဆီဟက်၊ ကုန်းလော့၊ မြို့သစ်၊ မတ်ကွိုင်၊ နော့ကုန်း၊ မခွယ်၊ နန့်မှော်ချောင်း စတဲ့ရွာတွေမှာ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်နေပြီး ဧပြီလ ၂၄ ရက်နေ့ မနက် ၆ နာရီကနေ ၂၅ ရက်နေ့ ညနေ ၆ နာရီအထိ နှစ်ရက်ဆက်တိုက် စစ်ကောင်စီဘက်က တိုက်လေယာဉ်တွေသုံးပြီး တိုက်ခိုက်နေတယ်လို့ KIA စစ်ဆင်ရေး အရာရှိတစ်ဦးက RFA ကို ပြောပါတယ်။
အခုလို တိုက်ပွဲတွေ ဖြစ်နေတာကြောင့် ကျေးရွာတချို့က နေအိမ်တွေ၊ ကျွဲနွားတိရိစ္ဆာန်တွေ မီးလောင်မှုတွေ ရှိနေတယ်လို့ တိုက်ပွဲဖြစ်ပွားနေတဲ့ အနီးမှာရှိတဲ့ ဆီဟက်ကျေးရွာက ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲတွေ ပြင်းထန်တဲ့အတွက် ရွာတွေမှာ လူတွေမရှိတော့ဘဲ ဘေးလွတ်ရာကို ထွက်ပြေးပြီး ဗုံးခိုကျင်းတွေ တူးပြီး ပုန်းအောင်းနေရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီ တပ်ရင်း ၃၂၀ ၊ ၃၈၇၊၁၄၂ ၊ ၄၃၈၊၂၃၇ တပ်တွေနဲ့ KIA အကြား ဧပြီလ ၁၀ ရက်နေ့က စပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။ မိုးမောက်မြို့နယ် ဆီဟက် ကျေးရွာအနီးမှာရှိတဲ့ တာဝါတိုင်ကုန်းကို KIA က သိမ်းယူခဲ့ပြီးနောက်ပိုင်း တိုက်ပွဲတွေ ပိုပြင်းထန်လာခဲ့တာလည်း ဖြစ်ပါတယ်။
KIA ဌာနချုပ်အနီးမှာရှိတဲ့ အလောဘွမ်ဘက်မှာလည်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ တိုးမြင့်လာနေတယ်လို့ KIA ဘက်က ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့က စစ်ကောင်စီတပ်တွေ အတွက် ဗျူဟာကျတဲ့ အလောဘွမ်ကုန်းကို KIA က ထိုးစစ်ဆင် သိမ်းပိုက်ခဲ့တာပါ။
ဧပြီလ ၂၃ ရက်နေ့ကစပြီး မနေ့က ညနေပိုင်းအထိ KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာအနီးမှာ စစ်ကောင်စီ ဘက်က တိုက်လေယဉ်တွေသုံးပြီးတိုက်ခိုက်နေလို့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ KIA သတင်းဌာနက အတည်ပြုပြောပါတယ်။
ဧပြီလ ၁၀ ရက်နေ့ကစပြီး ပြင်းထန်လာတဲ့တိုက်ပွဲတွေကြောင့် တိုက်ပွဲဖြစ်ရာ ဒေသတွေမှာ သံဃာတော် တစ်ပါး အပါအဝင် အရပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ကြ ရတဲ့ဒေသခံတွေ နှစ်ထောင်လောက် ရှိနေပြီလို့ စစ်ဘေးသင့်ပြည်သူတွေကို အကူအညီပေးနေတဲ့ ဗန်းမော် အခြေစိုက် အရပ်ဖက်အဖွဲ့အစည်း တာဝန်ရှိသူတစ်ဦးက RFAကို ပြောပါတယ်။
တစ်လကြာ အပစ်အခတ်ရပ်စဲမယ်လို့ ကြေညာပြီးနောက် ကချင်ပြည်နယ်အတွင်းမှာ တိုက်လေယာဉ်တွေ သုံးပြီး အပြင်းအထန် တိုက်ခိုက်နေတာ ဘာကြောင့်လဲ ဆိုတာကို သိနိုင်ဖို့ စစ်ကောင်စီရဲ့ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။