နမ္မတူမှာ တပ်မတော်၊ RCSSနဲ့ TNLA/SSPP အဖွဲ့တွေ တိုက်ပွဲဖြစ်
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် နားကျဲကျေးရွာမှာ ဒီကနေ့မနက်ပိုင်းက အစိုးရတပ်မတော်၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ မဟာမိတ်နှစ်ဖွဲ့ ဖြစ်တဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ TNLA နဲ့ ရှမ်းပြည်တိုးတက်ရေး ပါတီ SSPP တို့ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
-
ကံသာ
2020-12-09 -
-
-
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် နားကျဲကျေးရွာမှာ ဒီကနေ့မနက်ပိုင်းက အစိုးရတပ်မတော်၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ မဟာမိတ်နှစ်ဖွဲ့ဖြစ်တဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ TNLA နဲ့ ရှမ်းပြည်တိုးတက်ရေး ပါတီ SSPP တို့ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲကြောင့် ဒေသခံ တစ်ရာဝန်းကျင်လောက် နီးစပ်ရာဖြစ်တဲ့ မန်စံကျေးရွာနဲ့ ပန်ချဉ်ကျေးရွာတွေကို ခေတ္တတိမ်းရှောင်ခဲ့ကြရပါတယ်။ TNLA နဲ့ RCSS တပ်ဖွဲ့တွေရဲ့ နှစ်ဖက်ပစ်ခတ်မှုတွေကြောင့် နားကျဲရွာဒေသခံ ကိုစိုးညွှန့်အိမ်ကို လက်နက်ကြီးကျည်တစ်လုံး ကျရောက်ခဲ့ပေမယ့် မပေါက်ကွဲခဲ့တာကြောင့် ထိခိုက်ပျက်စီးတာတော့ မရှိဘူးလို့ ကိုစိုးမြင့်က RFA ကိုပြောပါတယ်။
SSPP ပြောခွင့်ရ ဗိုလ်မှူးစိုင်းသန်းအောင်က မဟာမိတ်ဖြစ်တဲ့ SSPP နဲ့ TNLAတပ်ဖွဲ့တွေ စစ်ရေးလှုပ်ရှားရင်း ဘုန်းကြီးကျောင်းမှာ နားနေကြတုန်း RCSS တပ်ဖွဲ့ဘက်က ဝင်ရောက် ပစ်ခတ်ခဲ့တာလို့ ပြောပါတယ်။ တိုက်ပွဲဖြစ်ပြီး ငါးမိနစ်လောက်အကြာမှာ တပ်မတော်ဘက်က ဝင်လာပြီး RCSS ဘက်ကနေ ကူတိုက်ခိုက်ပေးခဲ့တယ်လို့ ဆိုပါတယ်။
TNLAပြောခွင့်ရ ဗိုလ်မှူးမိုင်းအိုက်ကျော်ကလည်း TNLAနဲ့ SSPPတပ်ဖွဲ့တွေဟာ အရင်ကတည်းက နမ္မတူမြို့နယ်ထဲမှာ ပူးတွဲလှုပ်ရှားနေတာဖြစ်ပြီး ဒီကနေ့နားကျဲရွာနားမှာ လှုပ်ရှားနေချိန် RCSS ဘက်ကစောင့်ပြီး ပစ်ခဲ့တာလို့ RFA ကိုပြောပါတယ်။ RCSSနဲ့ တိုက်ပွဲဖြစ်နေချိန်မှာပဲ နမ္မတူမြို့နယ် အခြေစိုက် ခလရ (၃၂၄) တပ်ရင်းဘက်ကလည်း လာရောက် တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲထပ်ဖြစ်ခဲ့တာလို့ ဆိုပါတယ်။
RCSS ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီးစိုင်းအွမ်ခေးကတော့ SSPPနဲ့ TNLA ပူးပေါင်းအဖွဲ့တွေက နားကျဲရွာဘုန်းကြီးကျောင်းကနေ RCSS တပ်ဖွဲ့တွေ တပ်စွဲထားတဲ့ တောင်ကုန်းကို စတင်တိုက်ခိုက်ရာကနေ တိုက်ပွဲဖြစ်တာလို့ RFA ကိုပြောပါတယ်။ တပ်မတော်စစ်ကြောင်းက RCSS ဘက်က ကူညီတိုက်ခိုက်ပေးခဲ့တယ် ဆိုတဲ့ TNLA နဲ့ SSPP တို့ရဲ့ ပြောဆိုချက်ကိုလည်း ငြင်းဆိုပါတယ်။ မဟာမိတ်ဖြစ်တဲ့ TNLAနဲ့ SSPPတို့ နှစ်ဖွဲ့ရဲ့ ပြောဆိုချက်တွေနဲ့ RCSS အဖွဲ့ရဲ့ပြောဆိုချက်တွေ ကွဲလွဲနေတာပါ။ ဒီကနေ့ တိုက်ပွဲနဲ့ ပတ်သက်ပြီး တပ်မတော်ဘက်က ပြောဆိုချက်ကိုတော့ မသိရသေးပါဘူး။
RFAက ဒီကနေ့ နေ့လယ်ပိုင်း နားကျဲရွာကို ရောက်ခဲ့တဲ့အချိန်မှာတော့ နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာသွားတာကြောင့် ဒေသခံရွာသားတချို့ ကိုယ့်အိမ်ကိုယ် ပြန်နေနေကြတာ တွေ့ရပါတယ်။ နမ္မတူကနေ လားရှိုးဘက်အထွက် လွယ်ပြေရွာတစ်ဝိုက်မှာတော့ TNLAတပ်ဖွဲ့တွေ ရှိနေပြီး မန်စံရွာအနီးမှာတော့ RCSSတပ်ဖွဲ့တွေ ရှိနေဆဲဖြစ်ပါတယ်။ နားဆိုင်း၊ နားကျဲရွာတွေရဲ့ အရှေ့ဘက်အခြမ်းမှာတော့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တပ်တွေလည်း ရှိနေတာပါ။
လက်ရှိ နမ္မတူမြို့နယ်အတွင်းမှာ RCSSနဲ့ TNLA၊ SSPPတပ်ဖွဲ့တွေ နီးနီးကပ်ကပ်ရှိနေတာကြောင့် တိုက်ပွဲထပ်ဖြစ်မှာကို ဒေသခံတွေက စိုးရိမ်နေပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း သီပေါမြို့နယ်အတွင်းမှာ SSPPနဲ့ RCSS တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့ပြီး၊ နမ္မတူမြို့နယ် ပန်ကွပ်ရွာအနီးမှာလည်း RCSSနဲ့TNLA တပ်တွေ တိုက်ပွဲ ဖြစ်ခဲ့ပါသေးတယ်။ ၂၀၁၈ခုနှစ်က နမ္မတူမြို့နယ်အတွင်း RCSSနဲ့ TNLAတပ်တွေ တိုက်ပွဲပြင်းထန်ခဲ့တာ ဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာတော့ တပ်မတော်နဲ့ TNLA တို့ကြား တိုက်ပွဲပြင်းထန်ခဲ့တာပါ။