တန့်ဆည်က စစ်ကောင်စီသတင်းပေးလို့ နာမည်ကြီးသည့် သားအဖနှစ်ဦး ပစ်သတ်ခံရ
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ချောင်းဆုံရွာက စစ်ကောင်စီသတင်းပေးလို့ နာမည်ကြီးနေတဲ့ သားအဖနှစ်ဦးကို အောက်တိုဘာလ ၃၁ ရက် မနေ့မှာ တန့်ဆည်မြို့နယ် မြေအောက်တော်လှန်ရေးအဖွဲ့ တစ်ဖွဲ့က ပစ်သတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
- 2021-11-01
-
-
-
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ချောင်းဆုံရွာက စစ်ကောင်စီသတင်းပေးလို့ နာမည်ကြီးနေတဲ့ သားအဖ နှစ်ဦးကို အောက်တိုဘာလ ၃၁ ရက် မနေ့မှာ တန့်ဆည်မြို့နယ် မြေအောက်တော်လှန်ရေးအဖွဲ့ တစ်ဖွဲ့က ပစ်သတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အသတ်ခံရသူတွေဟာ ဦးသိန်းလွင်နဲ့ သားဖြစ်သူ ကိုဖိုးဆိတ် တို့ဖြစ်ပြီး နှစ်ဦးစလုံးဟာ စစ်ကောင်စီကို သတင်းပေးတဲ့ ပျူစောထီးအဖွဲ့မှာ ပါဝင်နေသူတွေလို့ ဒေသခံတွေက ဆိုပါတယ်။
အဲဒီသားအဖနှစ်ဦးကြောင့် တန့်ဆည်မြို့နယ်ထဲက ကာပေါင်းကျရွာ၊ ချောင်းဆုံရွာနဲ့ လိပ်ချိုင်ရွာတွေကို စစ်တပ်က ၀င်ရောက်စီးနင်းပြီး မီးရှို့တာ၊ ရွာသားတွေကို ပစ်ခတ်ဖမ်းဆီးတာနဲ့ ရွာလုံးကျွတ် ထွက်ပြေး နေရတာတွေကြောင့် အခုလိုရှင်းလင်းရတာလို့ တန့်ဆည်မြို့ မြေအောက်တော်လှန်ရေးအဖွဲ့သားတစ်ဦးက ပြောပါတယ်။
“ပထမဆုံး ကာပေါင်းကျရွာ မီးရှို့ခံရတာ သူတို့လမ်းပြခဲ့တာ၊ တောလမ်းတွေကို ဒေသခံတွေလောက်ပဲ သိတာ၊ သတင်းပေးတွေရှိနေတော့ ပြည်သူတွေကို ဒုက္ခရောက်နေတဲ့အတွက် ရှင်းလင်းရတာ” လို့ ဆိုပါတယ်။
ဦးသိန်းလွင်ကတော့ သေနတ်ဒဏ်ရာတွေနဲ့ နေရာမှာတင် သေဆုံးခဲ့ပြီး သားဖြစ်သူ ကိုဖိုးဆိတ်က ဒဏ်ရာပြင်းထန်တာကြောင့် စစ်ကောင်စီတပ်သားတွေ မန္တလေးဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေနဲ့အတူ လက်နက်ကိုင် ပျူစောထီးပူးပေါင်းအဖွဲ့တွေဟာ တန့်ဆည်မြို့နယ်ထဲက ရွာတွေထဲကို ၀င်ရောက်စီးနင်းပစ်ခတ်တာ ဖမ်းဆီးတာတွေ မကြာခဏလုပ်နေတာကြောင့် ဒေသခံ ပြည်သူ့ ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲတွေဖြစ်နေပါတယ်။