သိမ်းယူမြေဧက ၉၀၀ နီးပါး အတွက် နစ်နာကြေး သိန်း ၉ ထောင်ကျော် ပေးအပ်
2017.03.29

နေပြည်တော် စည်ပင်သာယာရေးကော်မတီပိုင်မြေတွေမှာ စိုက်ပျိုးလုပ်ကိုင်ခဲ့တဲ့ တောင်သူ ၃၈၁ ဦးရဲ့ မြေ ဧက ၉၀၀ နီးပါးနဲ့ စိုက်ပျိုးသီးနှံတွေအတွက် နစ်နာမှုထောက်ပံ့ကြေးအဖြစ် ဒီနေ့ နေပြည်တော်မှာ ငွေကျပ်သိန်း ၉၄၀၀ ကျော် တောင်သူတွေကို ပေးအပ်ခဲ့ပါတယ်။
နေပြည်တော်မှာရှိတဲ့ သစ်တောကြိုးဝိုင်းတွေကို စည်ပင်ပိုင်မြေအဖြစ် ပြန်လည်သိမ်းယူခဲ့ရာ အဲဒီသစ်တော ကြိုးဝိုင်းတွေအတွင်း နှစ်အတော်ကြာ ဝင်ရောက်စိုက်ပျိုးခဲ့တဲ့တောင်သူတွေရဲ့ နစ်နာမှုအတွက် နေပြည်တော် စည်ပင်က ထောက်ပံ့ကြေး ပေးအပ်ခဲ့တာဖြစ်ပါတယ်။
အဲဒီမြေတွေကို တပ်မတော်အစိုးရလက်ထက် နေပြည်တော် တည်ဆောက်စဉ်က သိမ်းယူခဲ့တာဖြစ်ပြီး သံတမန်ဇုန်တွေ နဲ့ အဆင့်မြင့်ဈေးတွေ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။
လျော်ကြေးပေးရာမှာ မူလက သိမ်းယူခဲ့တဲ့ လယ်ယာမြေအချို့ မပါဝင်သေးကြောင်းနဲ့ လျော်ကြေး ငွေပမာဏ နည်းကြောင်း တောင်သူတွေက ပြောပါတယ်။
လျော်ကြေးငွေပမာဏကို လယ်ယာမြေသိမ်းဆည်းခံရမှု စိစစ်ရေးကော်မတီရဲ့ မူဝါဒသတ်မှတ်ချက်အရ ပေးတာဖြစ်ကြောင်း နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင် ဦးမင်းသူက ပြောပါတယ်။
အဲဒီလိုလျော်ကြေးပေးရာမှာ ဒက္ခိဏသီရိမြို့နယ်နဲ့ ဇမ္ဗူသီရိမြို့နယ်အတွင်း သစ်တောမြေတစ်ဧကကို ကျပ် ဆယ်သိန်းနှုန်းနဲ့ လျော်ကြေးပေးခဲ့တာဖြစ်ပြီး အဲဒီမှာစိုက်ပျိုးထားတဲ့ သီးနှံတွေအတွက်လည်း သီးနှံလျော်ကြေးပေး အပ်ခဲ့တာဖြစ်ပါတယ်။
နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာ လယ်ယာမြေကို အခြားနည်းနဲ့ အသုံးပြုခွင့်ရဖို့ သိမ်းဆည်းထားတာ ဧက နှစ်သောင်းသုံးထောင်ကျော်၊ သစ်တောကျုးကျော်မြေတွေကို စည်ပင်သာယာရေးကော်မတီပိုင်အဖြစ် သိမ်းဆည်း ထားတာ ဧက သုံးသောင်းခန့်နဲ့ မြေလွတ်မြေရိုင်း၊ တောရိုင်းမြေတွေ သိမ်းဆည်းထားတာ ဧက ၈၀ ခန့်ရှိတယ်လို့ သိရပါတယ်။