မြန်မာ-ထိုင်း အမှတ် ၁ တံတား ဂိတ်စခန်းမှာ ပေါက်ကွဲမှုဖြစ်

ကရင်ပြည်နယ် မြဝတီမြို့ မြန်မာ - ထိုင်း နယ်စပ်ဆက်သွယ်ထားတဲ့ အမှတ် ၁ တံတား ဂိတ်စခန်းမှာ ဧပြီလ ၂၃ ရက် မနေ့ညက ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
မနေ့ည ၁၀ နာရီခွဲဝန်းကျင်က မြန်မာဘက်အခြမ်း အမှတ် ၁ တံတားက ဂိတ်စခန်းမှာ ပေါက်ကွဲမှုဖြစ်ပြီး ပျက်စီးခဲ့တယ်လို့ ဒီဒေသမှာ ရောက်ရှိနေသူတွေက ပြောပါတယ်။
"မြဝတီမြို့ထဲ အသံတော်တော် ကျယ်ကျယ်ကြားရတယ်။ အတော်ပြင်းထန်တဲ့ ပေါက်ကွဲသံကို ကြားရတယ်။ မြဝတီမြို့ပေါ်မှာ အမှတ် ၁ တံတားကို 40 mm နဲ့ ပစ်သွားတာ"
အမှတ် ၁ တံတား မြန်မာဘက်ခြမ်း ဝင်ပေါက်ဂိတ် ပျက်စီးသွားသလို ဂိတ်စခန်းအနီးနားက ယာဉ်တချို့လည်း ထိခိုက်၊ ပျက်ဆီးမှုတွေ ရှိခဲ့ပါတယ်။
အဲဒီပေါက်ကွဲမှုဖြစ်ပြီးနောက် မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား အမှတ် ၁ တံတားကို မြန်မာဘက်ခြမ်းမှာ ဧပြီလ ၂၄ ရက် ဒီနေ့ပိတ်ထားရပြီး စစ်သားနဲ့ နယ်ခြားစောင့်တပ် တွေချထားပြီး လုံခြုံရေးတင်းကျပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီပေါက်ကွဲမှုဘာကြောင့်ဖြစ်ရတယ် ဘယ်သူတွေရဲ့ လက်ချက်လဲဆိုတာနဲ့ ထိခိုက်သေဆုံးမှု ရှိ၊ မရှိကိုတော့ RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
အမှတ် ၁ တံတားဟာ မြဝတီမြို့နဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့တို့ကို ဆက်သွယ်ထားတဲ့ တံတားဖြစ်ပြီး လူနဲ့ ယာဉ်ငယ်တွေ ဖြတ်သန်းနေတဲ့ နှစ်နိုင်ငံ ပေါင်းကူးတံတားတစ်စင်း ဖြစ်ပြီး နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးအတွက် ကူးသန်းသွားလာနေတာဖြစ်ပါတယ်။
မြန်မာ - ထိုင်းနှစ်နိုင်ငံကုန်သွယ်မှုမှာ တစ်နှစ်ကို အမေရိကန်ဒေါ်လာ သန်း ၁၂၀၀ ပျမ်းမျှရရှိတဲ့ နယ်စပ်ကုန်သွယ်ရေးဖြစ်တယ်လို့ မြဝတီမြို့နယ် အုပ်ချုပ်ရေးဌာနက သိရပါတယ်။