လယ်ယာကဏ္ဍ ပြုပြင်ပြောင်းလဲရေး အမေရိကန် ပညာရှင်တွေ အကြံပြုဆွေးနွေး

မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍ ကို ပြုပြင်ပြောင်းလဲမယ်ဆိုရင် အစိုးရက စိုက်ပျိုးရေးကို ထိန်းချုပ်ထားတဲ့ စနစ်ကနေ ဈေးကွက်ကို အခြေခံတဲ့ စနစ်ဖြစ်အောင် ပြုပြင်ဖို့လိုအပ်နေပြီဖြစ်ကြောင်း မြန်မာ့စိုက်ပျိုးရေးကဏ္ဍ ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး အမေရိကန် ပညာရှင်တွေက အကြံပြုတိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍကို ပြုပြင်ပြောင်းလဲမယ်ဆိုရင် အစိုးရက စိုက်ပျိုးရေးကို ထိန်းချုပ်ထားတဲ့ စနစ်ကနေ ဈေးကွက်ကို အခြေခံတဲ့ စနစ်ဖြစ်အောင် ပြုပြင်ဖို့လိုအပ်နေပြီဖြစ်ကြောင်း မြန်မာ့စိုက်ပျိုးရေးကဏ္ဍ ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး အမေရိကန်ပညာရှင်တွေက အကြံပြုတိုက်တွန်းလိုက်ပါတယ်။

ရန်ကုန်မြို့လယ်က စင်ထရယ်ဟိုတယ်မှာ ကျင်းပတဲ့ “အနာဂတ် မြန်မာ့စိုက်ပျိုးရေး မဟာဗျူဟာမြောက် ရွေးချယ်စရာများ” ဆိုတဲ့ ခေါင်းစဉ်နဲ့ စာတမ်းတင်သွင်းပြီး ဆွေးနွေးချက်တွေကို အမေရိကန်နိုင်ငံ Michigan တက္ကသိုလ်က ပါမောက္ခ ၃ ဦးက အဓိကထားဆွေးနွေးခဲ့တာဖြစ်ပြီး မြန်မာ့ဖွံ့ဖြိုးတိုးတက်ရေး အရင်းအမြစ်အဖွဲ့အစည်း MDRI နဲ့ ပူးတွဲစီစဉ်တာ ဖြစ်ပါတယ်။

မြန်မာ့လယ်ယာ စိုက်ပျိုးရေးကဏ္ဍကို ပြုပြင်ပြောင်းလဲမယ်ဆိုရင် လတ်တလော လိုအပ်ချက်က ဒေသအလိုက် အားကောင်းတဲ့သီးနှံတွေကို စီးပွားဖြစ်စိုက်ပျိုးနိုင်ဖို့ အစိုးရက လမ်းဖွင့်ပေးရမယ်လို့ အမေရိကန်ပြည်ထောင်စု မီရှီဂန် တက္ကသိုလ်က ပါမောက္ခ Steve Haggblade က ပြောပါတယ်။

“စိုက်ပျိုးရေးမှာ ဝယ်လိုအားများတဲ့ ဒေသအလိုက် ထွက်နှုန်းကောင်းတဲ့ သီးနှံတွေကို ဖြန့်ကျက်စိုက်ပျိုးတဲ့စနစ် ဖြစ်လာအောင် ပြုပြင်ဖို့လိုပါမယ်။ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးမှာ လယ် ၁ ဧကကျော်ကျော်လောက်ဘဲ ပိုင်ဆိုင်တဲ့ လယ်သမားတွေက များပါတယ်။ လယ်သမားအတော်များများလည်း လယ်လုပ်ပိုင်ခွင့် မရှိသူတွေလည်းရှိပါတယ်။ အဲဒီလို လယ်ဧကပိုင်ဆိုင်မှုနည်းတဲ့ လယ်သမားတွေအနေနဲ့ အထွက်နှုန်းများပြီး ပြည်တွင်း ပြည်ပဈေးကွက်မှာ ဝယ်လိုအားများတဲ့သီးနှံမျိုး စိုက်ပျိုးနိုင်ဖို့လိုပါမယ်။ လယ်တဧကမှာ စပါးမစိုက်ပဲ တခြားဟင်းသီးရွက် ဒါမှမဟုတ် ဒေသအလိုက် အထွက်ကောင်းတဲ့ သီးနှံစိုက်မယ်ဆိုရင် စပါးထွက်ရှိမှုထက် ၅ ဆလောက် ပိုထွက်နိုင်ပါတယ်။ ဒါ့ကြောင့် ဈေးကွက်လိုအပ်ချက်ပေါ်မူတည်ပြီး ဒေသအလိုက် အားကောင်းတဲ့သီးနှံတွေ ရွေးချယ်စိုက်ပျိုးနိုင်တဲ့ အခွင့်အလမ်းတွေ လယ်သမားတွေမှာ ရှိဖို့လိုအပ်ပါတယ်" လို့ ပါမောက္ခ Steve Haggblade က ပြောပါတယ်။

ပညာရှင်တွေရဲ့ အစီရင်ခံစာမှာ ၂ဝဝ၃ ခုနှစ် အစိုးရရဲ့ စစ်တမ်းအရ အိမ်ထောင်စု ၆ သန်းခွဲကို စစ်ဆေးရာမှာ အကြမ်းဖျဉ်းအနေနဲ့ လယ်ယာမဲ့ လယ်သမားက ၃ သန်းလောက်ရှိကြောင်း၊ ကျေးလက်နေမိသားစုတွေရဲ့ ထက်ဝက်လောက်မှာ တစ်နှစ်ကို ၂ လလောက် အစားအသောက် မလုံလောက်မှုနဲ့ ရင်ဆိုင်နေရကြောင်း၊ မြန်မာနိုင်ငံလူဦးရေရဲ့ ၃ဝ% အထိလောက်ဟာ ဆင်းရဲမွဲတွေနေဆဲဖြစ်ကြောင်း အစိုးရက ပြုစုထားတဲ့ ကိန်းဂဏန်းတွေကို အခြေခံဖေါ်ပြထားပါတယ်။ အချက်အလက် စစ်တမ်းကောက်ယူမှု သုတေသနလုပ်ငန်းတွေမှာ ငွေကြေးသုံးစွဲမှု အားနည်းချက်ကြောင့် အစိုးရရဲ့ ကိန်းဂဏန်းတွေဟာ လက်တွေ့နဲ့ ကွာဟချက် ကြီးမားနေကြောင်းကိုလည်း မီချီဂန်တက္ကသိုလ် ပညာရှင်တွေက ထောက်ပြခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲမှာ ပညာရှင်တွေရဲ့ အကြံပြု ဆွေးနွေးချက်တွေကို RFA ဝိုင်းတော်သား ဦးဝင်းနိုင်က တင်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org