ပြည်ပရောက် အတိုက်အခံခေါင်းဆောင်များ မြန်မာနိုင်ငံ ရောက်ရှိ

ဒေါက်တာ နိုင်အောင်ဟာ ABSDF ခေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦးရဲ့ ဥက္ကဋ္ဌဟောင်း၊ လက်ရှိ FDB ခေါ် မြန်မာနိုင်ငံ ဒီမိုကရေစီ အင်အားစုရဲ့ အထွေထွေ အတွင်းရေးမှူးအဖြစ် တာဝန်ယူထားသူ တစ်ဦးဖြစ်ပြီး၊ ဒေါက်တာ သောင်းထွန်းကတော့ NCGUB ပြည်ထောင်စု မြန်မာနိုင်ငံ အဝေးရောက် အမျိုးသား ညွန့်ပေါင်းအစိုးရ အဖွဲ့ရဲ့ ကုလသမဂ္ဂဆိုင်ရာ တာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။
ဦးညိုအုန်းမြင့်ကတော့ NLD (LA) ခေါ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွတ်မြောက်နယ်မြေရဲ့ ပြန်ကြားရေး တာဝန်ခံ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ပြန်လာတဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့ ဒေါက်တာ နိုင်အောင်က ရန်ကုန်လေဆိပ်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောကြားခဲ့ပါတယ်။
"ကျွန်တော်တို့ အခုလာတာက တွေ့သင့်တွေ့ထိုက်တဲ့ ခေါင်းဆောင်တွေ၊ အဖွဲ့ အစည်းတွေနဲ့ တွေ့ဖို့၊ တွေ့ဆုံဆွေးနွေးရေး လေ့လာရေးလာတဲ့ ခရီးစဉ်ဖြစ်ပါတယ်။ ဒီဗမာနိုင်ငံရဲ့ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေနဲ့ ကမ္ဘာတစ်ဝှမ်းလုံးမှာ ထောက်ခံ အားပေးနေတဲ့ ပုဂ္ဂိုလ်အရေအတွက် အများအပြားကို တနေ့ကပေါ့နော်၊ နိုင်ငံတော်အစိုးရရဲ့ Black list ထဲက ပယ်ဖျက်ပေးတဲ့ အတွက်လည်း ကျေးဇူးတင်ကြောင်း ထပ်မံပြောလိုပါတယ်။ အဲဒီအချက်က ကျွန်တော်တို့ အမျိုးသား ပြန်လည်သင့်မြတ် ရေးကို ဦးတည်တဲ့ အပြုသဘောဆောင်တဲ့ ခြေလှမ်းဖြစ်ပါတယ်။ ဒီလေ့လာေရေး ခရီးစဉ်အတွင်းမှာ ပြည်သူ့အသံ၊ လူထုအခြေပြု အဖွဲ့အစည်း၊ နိုင်ငံရေး အင်အားစုများနဲ့ အစိုးရ သဘောထားများကို ကျွန်တော်တို့ အသေအချာ လေ့လာသွား ပါမယ်။ တင်ပြ အကြံပြုမှုတွေကိုလည်း လေးလေးစားစား လုပ်ဆောင်သွားပါမယ်။ ကျွန်တော်တို့ကို အားလုံးက ဒီမိုက်ကရေစီရေး လုပ်ဖော်ကိုင်ဖက်တွေအဖြစ် လက်ခံကူညီ ပူးပေါင်း စေချင်ပါတယ်။ ကျေးဇူးတင်ပါတယ်"
အလားတူ ဒေါက်တာ သောင်းထွန်းကလည်း ဒီမိုကရေစီရေး ကြိုးပမ်းနေတဲ့ အဖွဲ့အစည်း အသီးသီးနဲ့ တွေ့ဆုံဆွေးနွေးပြီး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးမှာ ပါဝင်ဆောင်ရွက်နိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
"ကျွန်တော်ဟာ ဗမာပြည်မှာ မွေးတဲ့ ဗမာတစ်ယောက်ပါ။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ တိုင်းပြည်ရဲ့ ကောင်းကျိုး၊ ဆိုးကျိုးကို ကျွန်တော်တို့ ဝေမျှခံစားရမှာပါ။ ကျွန်တော်တို့ ပြည်သူ လူထုအတွက် ကျွန်တော်တို့ ဝေမျှပြီးတော့ ကျွန်တော်တို့ တတ်နိုင်တဲ့ ပံံ့ပိုးမှုတွေကို ဆက်ပြီးတော့ လုပ်ဆောင်သွားကြမှာပဲ ဖြစ်တယ်လို့ ကျွန်တော့် အနေနဲ့ တင်ပြချင်ပါတယ်။ ကျွန်တော်တို့ရဲ့ ဒီခရီးစဉ်အတွင်းမှာ ဒီမိုကရေစီ အင်အားစုများ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ရှစ်လေးလုံး ကျောင်းသားခေါင်းဆောင်တွေ၊ ကျွန်တော်တို့ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ပြီးတော့ ကျွန်တော်တို့ ဘယ်အခန်း ကဏ္ဍကနေပြီးတော့ ပါဝင်ဆောင်ရွက်နိုင်မလဲဆိုတာ ဆွေးနွေးဖို့ ဖြစ်ပါတယ်"
မနက်ဖြန် နေ့လယ်ပိုင်းမှာတော့ ABSDF ခေါင်းဆောင်ဟောင်း ဦးထွန်းအောင်ကျော်နဲ့ ဦးမိုးသီးဇွန်တို့ ပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ မြန်မာနိုင်ငံကို ရောက်ရှိမှာ ဖြစ်ပါတယ်။