ရေကာတာစီမံကိန်းတွေကို တိုင်းရင်းသားအဖွဲ့တွေ ကန့်ကွက်
2017.01.27

မြန်မာနိုင်ငံမှာ ရေကာတာ တည်ဆောက်ရေး စီမံကိန်းတွေ မြှင့်တင်ဖို့အတွက် ရန်ကုန်၊ မြစ်ကြီးနားနဲ့ လွိုင်ကော်မြို့တွေမှာ နိုင်ငံတကာ ငွေကြေးကော်ပိုရေးရှင်း IFC က ကျင်းပနေတဲ့ အလုပ်ရုံဆွေးနွေးပွဲတွေကို ကန့်ကွက်ကြောင်း တိုင်းရင်းသားလူမှုအဖွဲ့အစည်းတွေက ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
လူထုတွေ၊ ပညာရှင်တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေက ရေကာတာဆောက်တာတွေကို ကန့်ကွက်နေတဲ့အချိန်မှာ အစိုးရကို ရေကာတာဆောက်ဖု့ိ တွန်းအားပေးနေတာကြောင့် အခုလို ကန့်ကွက်တာဖြစ်တယ်လို့ မြန်မာနိုင်ငံ မြစ်ချောင်းများဆိုင်ရာကွန်ယက်အဖွဲ့က မိအားချိုင်က ပြောပါတယ်။
"ကန့်ကွက်တဲ့ ရည်ရွယ်ချက်ကတော့ ကမ္ဘာ့ဘဏ် ကပေါ့၊ IFC ကနေတဆင့် သဘာဝပတ်ဝန်းကျင် မဟာဗျုဟာမြောက် ဆန်းစစ်လေ့လာချက်ကို ကျွန်မတို့ လက်ရှိအစိုးရကို တွန်းအားပေးပြီးတော့ မဟာရေကာတာ တည်ဆောက်မှု မြှင့်တင်မယ့်အစီအစဉ်ပေါ့နော်။ ဒါတွေက ရေကာတာ တည်ဆောက်မှု စီမံကိန်းပေါ့နော်၊ မြစ်ဆုံမှာပဲဖြစ်ဖြစ်၊ သံလွင်မှာပဲဖြစ်ဖြစ် လူထုတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ပညာရှင်တွေက ကန့်ကွက်တာကြာပြီ။ ဒါ့ပေမဲ့ အခုတဖန်ပေါ့နော် SEA ဆိုတာ လာပြီးတော့ ကျမတို့အစိုးရကို တွန်းအားပေးတယ်။ ဒီရေကာတာစီမံကိန်းတွေကို ဆောက်ဖို့လုပ်တဲ့ အတွက်ပေ့ါနော်။"
ရေကာတာ တည်ဆောက်မယ့်နေရာဖြစ်တဲ့ တိုင်းရင်းသားဒေသတွေမှာ စစ်ဖြစ်ပွားနေတဲ့အပြင် ထွက်ရှိလာမယ့် လျှပ်စစ်ဓာတ်အားကို တိုင်းရင်းသားပြည်သူတွေမရဘဲ ပြည်ပကို ထုတ်ယူရောင်းချမှာဖြစ်တဲ့အတွက် ကန့်ကွက်တာဖြစ်တယ်လို့လည်း ပြောပါတယ်။
ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခမပြီးဆုံးသေးတဲ့ကာလနဲ့ ဖက်ဒရယ်ဒီမိုကရေစီမရသေးခင် ကာလအတွင်းမှာ မြန်မာနိုင်ငံရဲ့ မြစ်ချောင်းတွေမှာ ရေကာတာတွေ မတည်ဆောက်ဖို့ လက်ရှိအစိုးရကို တောင်းဆိုတာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အဲဒီ ထုတ်ပြန်ချက်ကို တိုင်းရင်းသား လူမှုအဖွဲ့အစည်း ၁၈ ဖွဲ့က စုပေါင်းဖွဲ့စည်းထားတဲ့ သံလွင်မြစ်ထိန်းသိမ်းကာကွယ်ရေးကွန်ယက်နဲ့ မြန်မာနိုင်ငံ မြစ်ချောင်းများဆိုင်ရာကွန်ရက်တို့က ပူးပေါင်းထုတ်ပြန်တာဖြစ်ပါတယ်။