မြန်မာကို လျှပ်စစ်နဲ့ လောင်စာဆီ ကန့်သတ်ချက် ဖြေလျှော့မှာမဟုတ်ကြောင်း ထိုင်းဝန်ကြီး ပြော

မြန်မာနိုင်ငံအတွက် လျှပ်စစ်မီး၊ အင်တာနက်နဲ့ လောင်စာဆီ ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးမှာ မဟုတ်ကြောင်း ထိုင်းက ပြောပါတယ်။

မြဝတီမြို့တွင် စက်သုံးဆီ ဝယ်ယူရန် စောင့်ဆိုင်းနေကြသူများကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က တွေ့ရစဥ်။ Facebook/ ဘီဝမ်း

မြန်မာနိုင်ငံအတွက် လျှပ်စစ်မီး၊ အင်တာနက်နဲ့ လောင်စာဆီ ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးမှာ မဟုတ်ကြောင်း ထိုင်း အမျိုးသားလုံခြုံရေးကောင်စီ ဥက္ကဋ္ဌဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီး Phumtham Wechayachai က ပြောကြားပါတယ်။

အိမ်နီးချင်းနိုင်ငံရဲ့ အချို့နေရာတွေမှာ ဆက်လက်လည်ပတ်နေတဲ့ ရာဇဝတ်မှုကွန်ရက်တွေကို တိုက်ဖျက်ဖို့အတွက် ဒီကန့်သတ်ချက်တွေ လိုအပ်တယ်လို့ ဆိုပါတယ်။

မတ်လ ၂၂ ရက် စနေနေ့က ပြုလုပ်တဲ့ နယ်စပ်ဒေသတွေမှာ လုံခြုံရေးခြိမ်းခြောက်မှုများ တားဆီးရေးနဲ့ ဖြေရှင်းရေး ကော်မတီ အစည်းအဝေးအပြီးမှာ ပြောကြားခဲ့တာဖြစ်ကြောင်း Bangkok Post သတင်းက ဖော်ပြပါတယ်။

မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ တာ့ခ်ခရိုင်အတွင်းက ခရိုင် ငါးခုကို အထူးလုံခြုံရေးဇုန်အဖြစ် သတ်မှတ်ဖို့ ဖြစ်နိုင်ခြေတွေကိုလည်း ပထမဆုံး ဆွေးနွေးမှုတွေ လုပ်ဆောင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

လိမ်လည်ဖုန်းခေါ်ဆို စင်တာတွေ မြန်မာနိုင်ငံ မြဝတီမြို့ကနေ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ် နိုင်ငံတွေဘက် ပြောင်းရွှေ့လာတဲ့အတွက် ထိုင်းအစိုးရက နယ်စပ်ကို လုံခြုံရေးတင်းကျပ်ထားကြောင်းလည်း Mr Phumtham က ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org