စစ်ခေါင်းဆောင်တွေကို ဖိအားပေးဖို့ The Elders အဖွဲ့ တိုက်တွန်း

မြန်မာနိုင်ငံ မပျက်စီး၊ မကျဆုံးအောင် ကာကွယ်ဖို့အတွက် စစ်ခေါင်းဆောင်တွေကို ပြင်းထန်တဲ့ ဖိအားပေးဖို့ The Elders ဆိုတဲ့ ကမ္ဘာ့ထင်ရှား ပုဂ္ဂိုလ်ကြီးများအဖွဲ့က နိုင်ငံတကာ အသိုင်းအဝိုင်းကို ဒီနေ့ ဇွန်လ ၁ ရက်နေ့မှာ တိုက်တွန်း တောင်းဆိုလိုက် ပါတယ်။

နေပြည်တော်က တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး ဘုရင့်နောင်ခန်းမမှာ ၂၀၂၀၊ သြဂုတ် ၂၃ ရက်နေ့ ကျင်းပတဲ့ အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို တွေ့ရစဉ်

မြန်မာနိုင်ငံ မပျက်စီး၊ မကျဆုံးအောင် ကာကွယ်ဖို့အတွက် စစ်ခေါင်းဆောင်တွေကို ပြင်းထန်တဲ့ ဖိအားပေးဖို့ The Elders ဆိုတဲ့ ကမ္ဘာ့ထင်ရှား ပုဂ္ဂိုလ်ကြီးများအဖွဲ့က နိုင်ငံတကာ အသိုင်းအဝိုင်းကို ဒီနေ့ ဇွန်လ ၁ ရက်နေ့ မှာ တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

စစ်တပ်အာဏာသိမ်းတာ အတည်မဖြစ်အောင် အရေးပေါ်ဆောင်ရွက်ချက်တွေ အမြန်ဆုံးပြုလုပ်ဖို့ The Elders အဖွဲ့က တိုက်တွန်းသလို၊ အရပ်သားအစိုးရ အုပ်ချုပ်ရေးအောက် ပြန်ရောက်ဖို့နဲ့ ဒီမိုကရေစီစနစ် ပြန်ထွန်းကားအောင် ကုလသမဂ္ဂ၊ အာဆီယံနဲ့ တခြားဒေသတွင်း ခေါင်းဆောင်တွေက အပြည့်အဝ ကျောထောက်နောက်ခံ ပြုပေးဖို့ကိုလည်း သူတို့အဖွဲ့က တောင်းဆိုလိုက်ပါတယ်။ တကယ်လို့ အဲဒီလို မဆောင်ရွက်နိုင်ရင် မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ဖြစ်ပေါ်လာမယ့်ရလဒ်ဟာ အတော်ဆိုးလိမ့်မယ်လို့လည်း သတိပေးထားပါတယ်။

ပြည်တွင်းမှာဖြစ်ပျက်နေတာကို နိုင်ငံတကာ သတင်းမီဒီယာတွေ ဖော်ပြနေတဲ့ကြားကပဲ၊ အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ပြည်သူတွေကို စစ်တပ်အကြမ်းဖက်တာ၊ ဖိနှိပ်တာ၊ အကျပ်ကိုင်တာတွေ အစီအစဉ်ရှိရှိ၊ ဆက်ပြီးကျူးလွန်နေတယ်လို့လည်း ထောက်ပြထားပါတယ်။

“မြန်မာနိုင်ငံဟာ နိုင်ငံတော်ကျဆုံးခန်းကို ဦးတည်နေတဲ့လမ်းပေါ် ရောက်နေတယ်။ ဒါကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းက စစ်အာဏာသိမ်းတာကို ပြတ်ပြတ်သားသား ဆန့်ကျင်တဲ့အကြောင်း ရပ်တည် ပြသရမယ်။ မြန်မာပြည်ထွက်ရပ်လမ်းအတွက် အပြုသဘောဆောင်တဲ့ဆွေးနွေးပွဲတွေ ဖြစ်လာအောင် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ဒေသတွင်းနိုင်ငံတွေရော၊ အထူးသဖြင့် ကုသမဂ္ဂအနေနဲ့ ဖြစ်နိုင်ချေရှိတဲ့ နည်းလမ်းမှန်သမျှသုံးသင့်ပြီ” လို့ The Elders အဖွဲ့ရဲ့ ဥက္ကဋ္ဌ မေရီရော်ဘင်ဆန် က ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ဖွဲ့စည်းလိုက်တဲ့ နိုင်ငံတော် အုပ်ချုပ်ရေးကောင်စီဟာ တရားမဝင်တဲ့ အတွက် မြန်မာနိုင်ငံကို အုပ်ချုပ်ဖို့ အခွင့်အာဏာ မရှိဘူးလို့လည်း အဖွဲ့ရဲ့ကြေညာချက်မှာ ဖော်ပြထား ပါတယ်။ The Elders အဖွဲ့က မြန်မာပြည်သူတွေနဲ့အတူ တစ်သွေးတစ်သားတည်း ရပ်တည်နေမယ်လို့လည်း ကတိပေးပြောဆိုပါတယ်။

ကမ္ဘာထင်ရှားပုဂ္ဂိုလ်ကြီးများအဖွဲ့ The Elders မှာ လက်ရှိ ဥက္ကဋ္ဌ က ကုလသမဂ္ဂလူ့အခွင့်အရေး ကော်မရှင် မင်းကြီးဟောင်း မေရီရော်ဘင်ဆန် ဖြစ်ပြီး၊ ဒု-ဥက္ကဋ္ဌက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်း ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org