ငလျင် ကူညီကယ်ဆယ်ရေးအဖွဲ့တွေ ခွင့်ပြုချက်တောင်းခံရမယ်လို့ ဒုစစ်ခေါင်းဆောင်ပြော

ဒါဟာ အရေးပေါ် အကူအညီလိုအပ်နေသူတွေဆီ လူသားချင်းစာနာမှု အကူအညီတွေရောက်ဖို့ နှောင့်နှေးစေတယ်လို့ လက်ရှိ ငလျင်ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေက RFA ကို ပြောပါတယ်။

မန္တလေး Sky Villa အဆောက်အအုံ၌ ငလျင် ကူညီကယ်ဆယ်ရေးအဖွဲ့များ ဧပြီလ ၅ရက်တွင် တွေ့ရစဉ်။ Myanmar Rescue

ကြိုတင်ခွင့်ပြုချက်တောင်းခံမှ ငလျင်ကူညီကယ်ဆယ်ရေး ဆောင်ရွက်ခွင့်ပြုနိုင်မယ်လို့ စစ်ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဧပြီလ ၅ ရက်မှာ ပြောဆိုလိုက်ပါတယ်။

နေပြည်တော်မှာ ဧပြီလ ၅ ရက် နေ့လယ်ပိုင်းက ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီ အစည်းအဝေးအတွင်း အခုလို ပြောဆိုလိုက်တာပါ။

ကူညီကယ်ဆယ်ရေးအဖွဲ့တွေဟာ ကြိုတင်ခွင့်ပြုချက်တောင်းခံဖို့လိုပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက်မှသာ ခွင့်ပြုပေးမယ်လို့ စစ်ကောင်စီ ဒုဥက္ကဋ္ဌက ပြောဆိုခဲ့ပါတယ်။

တိုင်းနဲ့ ပြည်နယ် စစ်ကောင်စီဥက္ကဋ္ဌတွေအနေနဲ့ ဒေသအတွင်းကို ဝင်ရောက်လာတဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေ၊ NGO တွေကို စစ်ကောင်စီရဲ့ကူညီကယ်ဆယ်ရေး အဖွဲ့တွေနဲ့အတူ ပူးပေါင်းမှသာ ခွင့်ပြုပေးဖို့ သူက ပြောဆိုခဲ့ပါတယ်။

ဒါဟာ အရေးပေါ် အကူအညီလိုအပ်နေသူတွေဆီ လူသားချင်းစာနာမှုအကူအညီတွေရောက်ဖို့ နှောင့်နှေးစေတယ်လို့ လက်ရှိ ငလျင်ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေက RFA ကို ပြောပါတယ်။

စစ်ကောင်စီရဲ့ ဒီကန့်သတ်ချက်ဟာ လူတွေအသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးရနိုင်တယ်လို့ မန္တလေး၊ စစ်ကိုင်းနဲ့ အင်းလေးဒေသတွေမှာ ကယ်ဆယ်ရေးလုပ်နေတဲ့ အဖွဲ့အစည်းတစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“စစ်ကောင်စီက ခွင့်ပြုမှဆိုရင်တော့ လူတွေ သေသွားမှာပေါ့ဗျာ။ အရှင်လတ်လတ် သတ်တာကို ကျွန်တော်တို့ ထိုင်ကြည့်နေရသလိုဖြစ်မှာပေါ့”

ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း ငလျင်ကြောင့် အရေးပေါ်အကူအညီ လိုအပ်နေသူတွေဆီ လူသားချင်းစာနာမှုအကူအညီတွေ အမြန်ဆုံးရောက်နိုင်ဖို့ လွတ်လွတ်လပ်လပ်ခွင့်ပြုပေးဖို့ စစ်ကောင်စီကို တိုက်တွန်းနေကြပါတယ်။

စစ်ကောင်စီရဲ့ စာရင်းတွေအရ ငလျင်ကြောင့် ဧပြီလ ၅ ရက်နေ့အထိ သေဆုံးသူ ၃၄၅၅ ဦးအထိရှိလာပြီး ဒဏ်ရာရသူ ၄၈၄၀ ဦးနဲ့ ပျောက်ဆုံးသူ ၂၁၄ ဦးရှိနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org