ဒီဗွီဘီ သတင်းဌာန ငွေအလွဲသုံးစားမှု ရှိသည်ဟု သတင်းထွက်

နော်ဝေနိုင်ငံ အခြေစိုက် ‘ဒီဗွီဘီ’ ရေဒီယိုနဲ့ ရုပ်မြင်သံကြားဌာနရဲ့ ပြည်တွင်းသတင်း လုပ်ငန်းမှာ ငွေကြေး အလွဲသုံးစားမှု ရှိကောင်းရှိနိုင်တယ် ဆိုပြီး ဒီဗွီဘီက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

2011.10.01
free-burma-vj-305 DVB သတင်းဌာနအတွက် မြန်မာပြည်တွင်းမှာ တာဝန် ထမ်းဆောင်စဉ် ဖမ်းဆီး အကျဉ်းကျ ခံနေရတဲ့ သတင်းထောက် (၁၇) ဦး လွတ်မြောက်ရေးအတွက် FREE BURMA VJ အဖွဲ့ကဦးဆောင်သည့် ဆန္ဒပြပွဲတခုကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာအစိုးရ သံရုံးတွေရှေ့မှာ တောင်းဆို ဆန္ဒပြကြသည့် မြင်ကွင်း ဖြစ်ပါသည်။
free burma vj

၂ဝ၁ဝ ခုနှစ်အတွင်း ဒီဗွီဘီ ပြည်တွင်း အသုံးစရိတ်တွေမှာ အမေရိကန်ဒေါ်လာ ၃ သိန်း၊ မြန်မာကျပ်ငွေနဲ့ ဆိုရင် သိန်း ၃ ထောင်ခန့် အလွဲသုံးစားမှု ရှိနိုင်တဲ့အချက်ကို အုပ်ချုပ်ရေးဘုတ်အဖွဲ့က သိရှိပြီး စတင်စစ်ဆေးနေပြီလို့ ဆိုပါတယ်။

ငွေကြေး အလွဲသုံးစားမှုမှာ ပါဝင်ပတ်သက်မှု မရှိပေမယ့် အမှုဆောင် ညွှန်ကြားရေးမှူး ဦးအေးချမ်းနိုင် နဲ့ ဒုတိယ အမှုဆောင် ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းတို့ နှစ်ဦးစလုံးဟာ ဒီကိစ္စအပေါ် တာဝန်ခံတဲ့ အနေနဲ့ တာဝန်ကနေ နှုတ်ထွက်ပေးလိုက်ကြတယ်လို့ သိရပါတယ်။

ပြည်တွင်း သတင်းမီဒီယာလုပ်ငန်းဟာ ဒီဗွီဘီရဲ့ အဓိက လုပ်ငန်းဖြစ်ပြီး ဒီလို ငွေကြေး အလွဲသုံးစားမှုကြောင့် ပြည်တွင်းအလုပ်တွေအပေါ် အနည်းအကျဉ်း ထိခိုက်မှုတွေ ရှိတယ်လို့ အုပ်ချုပ်ရေးဘုတ်အဖွဲ့ အကြီးအကဲ Mr. Harald Bockman က ပြောပါတယ်။ ဒါပေမယ့် အများထင်သလောက်တော့ မဆိုးလှကြောင်း၊ ဒီဗွီဘီက ထုတ်လွှင့်နေတဲ့ ရေဒီယိုနဲ့ ရုပ်မြင်သံကြား အစီအစဉ်တွေရဲ့ ၈ဝ ရာခိုင်နှုန်းလောက်ကို ပြည်တွင်းကပဲ တာဝန်ယူထားတာဖြစ်ကြောင်း အာအက်ဖ်အေကို ပြောပါတယ်။

ဒီကိစ္စဟာ ပြည်တွင်းမှာ တာဝန်ယူနေကြတဲ့ ဒီဗွီဘီ သတင်းထောက်တွေနဲ့ သက်ဆိုင်မှု မရှိဘူးလို့ သိရပြီး လက်ရှိ အခြေအနေမှာတော့ ထိုင်းနိုင်ငံ မဲဆောက်မြို့က ဒီဗွီဘီရုံးကို ယာယီ ပိတ်ထားလိုက်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။