စိတ်ကြွဆေးပြား အများဆုံးဖမ်းဆီးရမိ


2016.06.28
wy-sittwe-620.jpg ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဖမ်းဆီးရမိတဲ့ စိတ်ကြွဆေးပြားတွေကို တရားခံနဲ့အတူ တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ငွေကျပ်သန်းပေါင်း နှစ်ထောင်ကျော် တန်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြား အရေအတွက် ၈ သိန်းလောက်ကို စစ်တွေခရိုင် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။

အဲ့ဒီဆေးပြားတွေကို ဘူးသီးတောင်မြို့ကတဆင့် ဘင်္ဂလားဒေ့ရှ်ဘက်ကို ပို့ဆောင်ဖို့ဖြစ်တယ်လို့ စစ်တွေခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝင်းနောင် မနေ့က ပြောပါတယ်။

"ကျနော်တို့ လက်ရှိဖော်ထုတ်စစ်ဆေးချက်အရ ဒီမူးယစ်ဆေးဝါးတွေဟာ ကျနော်တို့ရဲ့နယ်စပ်မြို့ဖြစ်တဲ့ ဘူးသီးတောင်၊ မောင်တောက တဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ဆက်လက်ပြီးသွားမယ့် လမ်းကြောင်းဖြစ်ပါတယ်၊ ရခိုင်ပြည်နယ်မှာ အများဆုံးလို့ ယူဆရသလို၊ ယခင်ကလည်း ဒီလောက်များတာကို ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်းမရှိပါဘူး"

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပို့ဆောင်မယ့် WY နဲ့ R စာတန်းပါ စိတ်ကြွရူးသွပ်ဆေးဝါးတွေဟာ ရန်ကုန်မြို့ကနေ သယ်ယူလာတာဖြစ်ပြီး ပို့ဆာင်မယ့် စစ်တွေမြို့ခံ အမျိုးသားတစ်ဦးနဲ့ လက်ခံယူမယ့် ဘူးသီးတောင်မြို့ခံ တစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။

ဒါ့အပြင် မနေ့ညနေက စစ်တွေမြို့ ရှုခင်းသာလမ်းမှာရှိတဲ့ အများပြည်သူအပန်းဖြေတဲ့နေရာမှာ မူးယစ်ဆေး ဝါး ရောင်းချနေတဲ့ လူငယ်တစ်ဦးကို WY ဆေးပြား ၄၀၀ နီးပါးနဲ့အတူ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။