ပုဏ္ဏားကျွန်းမှာ သောက်သုံးရေ ရှားပါးပြတ်လပ်လာ

ပုဏ္ဏားကျွန်းမြို့နယ်မှာ ပွင့်လင်းရာသီ ရောက်လာချိန် သောက်သုံးရေ ရှားပါးပြတ်လပ်လာတာကြောင့် အခက်အခဲတွေ ကြုံတွေ့နေရပါတယ်။

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ကျေးရွာများတွင် ရေရှားပါးမှုအား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက တွေ့ရစဉ်။ Ponnagyun Youths Association-PYA Photo

အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားတဲ့ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ ပွင့်လင်းရာသီ ရောက်လာချိန် သောက်သုံးရေ ရှားပါးပြတ်လပ်လာတာကြောင့် အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေနဲ့ ကူညီပေးနေသူတွေက မတ်လ ၅ ရက်နေ့မှာ ပြောပါတယ်။

တောဖျားချောင်းဒေသ၊ စမ်းမတီးချောင်းဒေသနဲ့ ပုဏ္ဏားကျွန်းမြို့နယ်က ရွာတချို့မှာ သောက်သုံးရေကန်တွေ ခန်းခြောက်နေပြီလို့ ဆိုပါတယ်။

ဒါကြောင့် စစ်ဘေးဒုက္ခသည်တွေရော၊ ဒေသခံတွေပါ အခက်အခဲ ဖြစ်နေတာလို့ ပုဏ္ဏားကျွန်း ဒေသခံ တစ်ဦးက ပြောပါတယ်။

“ရွာတွေက ရေသိုလှောင်ကန်တွေ သိပ်အများကြီး မရှိဘူး။ ရွာသားတွေ သုံးဖို့လောက်ပဲ ရေကန်တွေရှိတာ။ အခုက ရွာတွေမှာက စစ်ရှောင်တွေလည်း အများကြီး ရှိကြတယ်လေ။ ရှိတဲ့ရေကန်နဲ့ သုံးတဲ့သူက မမျှဘူးဖြစ်တာ။ ရာသီဥတုကလည်း ပူတာက တစ်ကြောင်းဆိုတော့ ရေကန်တွေက အရင်ခန်းခြောက်သွားတာပေါ့။ စားဝတ်နေရေး အဆင်မပြေတဲ့ကြားက သောက်သုံးရေပါ ရှားပါးတော့ အတော်လေးကို အခက်အခဲဖြစ်နေကြတာပေါ့”

လက်ရှိမှာ ကန်တွေထဲ အနည်းငယ်ကျန်ရှိနေတဲ့ ရေတွေကို အကန့်အသတ်နဲ့ အသုံးပြုနေကြရပြီး အချိန်ကြာလာတာနဲ့အမျှ ပိုပြီးခက်ခဲမဲ့ အခြေအနေရှိတယ်လို့လည်း ဆိုပါတယ်။

အာရက္ခတပ်တော် (AA) က သောက်သုံးရေရရှိရေး ဆောင်ရွက်တာတွေရှိပေမဲ့ လူဦးရေများတာကြောင့် လိုအပ်ချက်တွေ ရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ AA ပြောခွင့်ရသူ ဦးခိုင်သုခကို RFA က မေးမြန်းထားဆဲ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ နွေရာသီရောက်လာရင် ရေရှားပါးမှုဒဏ်ကို နှစ်စဉ်ဆိုသလို ကြုံတွေ့နေရပြီး မသန့်ရှင်းတဲ့ ရေတွေကို သောက်သုံးနေရတဲ့အတွက် လူအစုလိုက်အပြုံလိုက် ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်ဖြစ်ပွားမှုတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org