စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် အဂတိမှုနဲ့ ထောင် ၂၁ နှစ်ချမှတ်ခံရ

2022.02.28
စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် အဂတိမှုနဲ့ ထောင် ၂၁ နှစ်ချမှတ်ခံရ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ကို တွေ့ရစဉ်
Photo: RFA

စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ဟာ မုံရွာအကျဉ်းထောင်တွင်း တရားရုံးကနေ ဖေဖော်ဝါရီလ ၂၈ ရက် ဒီနေ့မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ-၅၅ အမှု ခုနစ်မှုအတွက် ထောင်ဒဏ် ၂၁ နှစ်ချမှတ်ခံလိုက်ရတယ် လို့ တရားရုံးနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

သူ့ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၀ ရက်နေ့ကလည်း ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ (ခ) အမှုအတွက် ထောင်ဒဏ် နှစ်နှစ် ချမှတ်ခံထားရတာကြောင့် အခုဆိုရင် စုစုပေါင်း ထောင်ဒဏ် ၂၃ နှစ် ချမှတ်ခံထားရပြီးပြီလို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

"ဒေါက်တာမြင့်နိုင် ပုံမှန်အားဖြင့်တော့ ကျန်းမာရေး ကောင်းပါတယ်။ ဒီနေ့တော့ သူနေမကောင်းချင်သလို ဖြစ်တယ်လို့တော့ ပြောတယ်။ အရမ်းအဆိုးကြီးတော့ မဟုတ်ဘူး။ အမိန့်ချတဲ့အမှုနဲ့ ပတ်သက်လို့တော့ အယူခံတက်၊ မတက်ကတော့ မသိသေးဘူး။ သူ့ဆန္ဒကို မေးရဦးမှာပါ"

အခုအမိန့်ချခဲ့တဲ့အမှုတွေဟာ တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေနဲ့ လုပ်ဆောင်ရတဲ့ တင်ဒါလုပ်ငန်း ၆၆ ခုအတွက် လုပ်ထုံးလုပ်နည်းနဲ့အညီ မလုပ်လို့ နိုင်ငံတော်ဘဏ္ဍာတွေ ဆုံးရှုံးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အာဏာသိမ်း စစ်ကောင်စီက စွဲဆိုခဲ့တဲ့အမှုတွေဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းရဲ့ ဆည်မြောင်းနဲ့ ရေအသုံးချမှုစီမံခန့်ခွဲရေးဌာနက လုပ်ဆောင်ရတဲ့ တင်ဒါ လုပ်ငန်း အချက်လက်တွေကို ဝန်ထမ်းတွေက ငွေကြေးရယူဆောင်ရွက်ခဲ့တယ်လို့ စုံစမ်း စစ်ဆေးရေးအဖွဲ့ရဲ့ တွေ့ရှိချက် အစီအရင်ခံစာနဲ့ပတ်သက်လို့ အဂတိမှုနဲ့ အရေးမယူနိုင်ရေး ဖုံးကွယ်ပေးတယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ပါဝင်ပါတယ်။

ဒါ့အပြင် နိုင်ငံတော်ပိုင် လယ်ယာမြေတွေကို စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကို အခြားနည်း အသုံးပြုခွင့်ပေးတာ၊ လုပ်ငန်းရှင်တစ်ဦးထံက ကားတစ်စီးလက်ခံတာ၊ ရွှေသတ္တုလုပ်ကွက် တွေအတွက် တိုင်းဒေသကြီး ဘဏ္ဍာစာရင်း ကို ကြိုသွင်းရတဲ့ အခွန်အခတွေကို မကောက် ခံဘဲ လုပ်ငန်းလုပ်ကိုင်ခွင့်ပေးတာ စတဲ့ စွပ်စွဲချက်တွေလည်း ပါဝင်ပါတယ်။

ဒေါက်တာမြင့်နိုင်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် အမှုပေါင်း ကိုးမှုနဲ့ ရင်ဆိုင်နေ ရပြီး အခု ရှစ်မှုကို အမိန့်ချပြီးနောက် ရွေးကောက်ပွဲ မသမာမှုစွပ်စွဲချက်ဖြစ်တဲ့ ရာဇသတ် ကြီး ဥပဒေပုဒ်မ - ၁၇၁ (စ) အမှုနဲ့လည်း ဆက်လက် တရားရင်ဆိုင်နေရပါတယ်။

အဲဒီအမှုနဲ့ပတ်သက်လို့ ဒီနေ့မှာ တရားလိုနဲ့ တရားလိုပြသက်သေ တစ်ဦးကို စစ်ဆေးခဲ့ပြီး လာမယ့် မတ်လ ၉ ရက်နေ့ကို ပြန်လည်ချိန်းဆိုထားပါတယ်။

ဒေါက်တာမြင့်နိုင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်ပါတယ်။

RFA က ရရှိထားတဲ့ အချက်အလက်တွေအရ စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နေ့ကနေ ဒီဇင်ဘာလအထိ NLD ပါတီခေါင်းဆောင်တွေအပါအဝင် NLD အစိုးရ လက်ထက်က တာဝန်ယူခဲ့သူတွေ အဂတိမှုနဲ့ တရားစွဲဆိုခံနေရတာ ၅၅ ဦးအထိ ရှိပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် ကတော့ အခုလို အဂတိမှုတွေနဲ့ တရားစွဲဆို အရေးယူတာတွေဟာ NLD ပါတီကို နိုင်ငံရေးကနေ အပြီးတိုင်ဖယ်ရှားဖို့အတွက် စစ်ကောင်စီက ကြိုးပမ်းတဲ့လုပ်ရပ်တွေဖြစ်တယ်လို့ RFA ကို ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။