ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားငွေကိုင်ထားရင် အရေးယူမယ်လို့ ဗဟိုဘဏ်ထုတ်ပြန်
1923.08.20
နိုင်ငံခြားငွေတွေကို လိုင်စင်မရှိဘဲ လက်ဝယ်ကိုင်ဆောင်ထားတာတွေ့ရင် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေအရ အရေးယူသွားမယ်လို့ စစ်ကောင်စီရဲ့ဗဟိုဘဏ်က ဩဂုတ်လ ၂၀ ရက်မှာ ကြေညာပါတယ်။
၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်က ထုတ်ပြန်ခဲ့တဲ့ အမိန့်ကြော်ငြာစာ အမှတ် ၇/၂၀၁၄ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု စည်းမျဉ်းအပိုဒ် ၁၅ အရ ဒေါ်လာတစ်သောင်း ဒါမှမဟုတ် ဒါနဲ့ညီမျှတဲ့ ငွေထက်မပိုတဲ့ နိုင်ငံခြားငွေ လက်ခံရရှိထားရင်လည်း ခြောက်လအတွင်းသာ ကိုင်ဆောင်ခွင့်ရှိတယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။
ခြောက်လကျော်တဲ့အထိ အသုံးမပြုရင်တော့ နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ရရှိသူတွေထံ စျေးကွက်ပေါက်စျေးနဲ့ ရောင်းချတာနဲ့ ဘဏ်စာရင်းအတွင်းထည့်သွင်းတာ လုပ်ဆောင်ရမယ်လို့ ဆိုပါတယ်။
နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၉ အရ လုပ်ငန်းလိုင်စင်ရှိသူသာ နိုင်ငံခြားငွေ ရောင်းဝယ်မှုလုပ်ငန်းကို လုပ်ကိုင်ရမှာဖြစ်ပြီး လိုင်စင်ရှိသူပဲ နိုင်ငံခြားငွေသားနဲ့ ခရီးသွားချက် လက်မှတ်ကို ရောင်းဝယ်ခွင့်ရှိတယ်လို့ ဗဟိုဘဏ်ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။
ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေကလည်း ဩဂုတ် ၁၉ ရက်၊ နေပြည်တော်မှာလုပ်ခဲ့တဲ့ ပြည်ပကုန်သွယ်ရေးအတွက် ငွေပေးချေမှုဆိုင်ရာ အစည်းအဝေးမှာ နိုင်ငံခြားငွေ လဲလှယ်နှုန်းတွေနဲ့ ပတ်သက်ပြီး အွန်လိုင်းနဲ့ ဆိုရှယ်မီဒီယာပေါ် စျေနှုန်းတွေတက်ဖို့ ရေးသားပြောဆိုနေတာတွေနဲ့ တရားမဝင် ဟွန်ဒီဆောင်ရွက်တာတွေကို အရေးယူဖို့ရှိတယ်လို့ ပြောခဲ့ပါတယ်။
ဒါပေမဲ့ ဩဂုတ်လ ၂၁ ရက်၊ ဒီနေ့မနက်ပိုင်း ၁၀ နာရီခွဲအထိ အမေရိကန် ဒေါ်လာဟာ စျေးကွက်ပေါက်စျေးမှာ တစ်ဒေါ်လာ ဝယ်စျေး ကျပ် ၃၇၀၀ ရှိနေသလို ရောင်းစျေးက တစ်ဒေါ်လာကို ကျပ် ၃၈၁၉ အထိရှိနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့မှာ ဒေါ်လာဝယ်ရောင်း လုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ဩဂုတ်လ ၁၅ ရက်က ရုရှားနိုင်ငံမှာပြုလုပ်ခဲ့တဲ့ (၁၁) ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးညီလာခံ (MCIS – 2023) ကို ပေးပို့တဲ့ မိန့်ခွန်း Video Message မှာ နိုင်ငံတချို့ ဒေါ်လာကို လက်နက်သဖွယ် အသုံးချနေတယ်လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။