အမေရိကန် ဒေါ်လာနဲ့ အခေါက်ရွှေစျေး အနည်းငယ်ပြန်ကျ

စံချိန်တင်မြင့်တက်ခဲ့တဲ့ အမေရိကန် ဒေါ်လာစျေးဟာ တစ်ဒေါ်လာ မြန်မာကျပ်ငွေ ၅,၇၀၀ ဝန်းကျင်ရှိနေပြီး ပြည်တွင်း အခေါက်ရွှေစျေးနှုန်းကလည်း တစ်ကျပ်သားကို ကျပ်သိန်း ခုနစ်ဆယ်ဝန်းကျင်အထိ တဖြည်းဖြည်း ပြန်ကျဆင်းလာပါတယ်။

ရန်ကုန်မြို့မှ ရွှေဆိုင်တချို့အား ၂၀၂၄ ခုနှစ်၊ မေလ ၂၈ ရက်နေ့က တွေ့ရစဉ်။

သြဂုတ်လ ဒုတိယပတ်မှာ စံချိန်တင် မြင့်တက်ခဲ့တဲ့ အမေရိကန် ဒေါ်လာစျေးဟာ သြဂုတ်လ ၂၉ ဒီနေ့မှာ တစ်ဒေါ်လာ မြန်မာကျပ်ငွေ ၅,၇၀၀ ဝန်းကျင်ရှိနေပြီး ပြည်တွင်း အခေါက်ရွှေစျေးနှုန်းကလည်း တစ်ကျပ်သားကို ကျပ်သိန်း ခုနစ်ဆယ်ဝန်းကျင်အထိ တဖြည်းဖြည်း ပြန်ကျဆင်းလာတယ်လို့ ရွှေနဲ့ ဒေါ်လာငွေ လုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။

သြဂုတ် ၁၃ ရက်နေ့က အမေရိကန် ဒေါ်လာစျေးဟာ တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ခုနစ်ထောင်ကျော်အထိ စံချိန်တင်မြင့်တက်ခဲ့ပြီး ပြည်တွင်း အခေါက်ရွှေစျေးနှုန်းကလည်း တစ်ကျပ်သားကို ကျပ် ၈၅ သိန်းဝန်းကျင်အထိ စျေးတက်ခဲ့တာပါ။

ဒါကြောင့် သီတင်းနှစ်ပတ်ကျော်အတွင်း အမေရိကန် ဒေါ်လာစျေးဟာ ကျပ်တစ်ထောင်ကျော်အထိ စျေးပြန်ကျသွားသလို ရွှေစျေးကလည်း တစ်ကျပ်သားကို ဆယ်သိန်းကျော်အထိ ဈေးပြန်ကျသွားတာပါ။

ဒေါ်လာ ငွေလဲလှယ်နှုန်း ဆက်ပြီးကျလာရင် ရွှေစျေးလည်း ကျလာနိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွှေလုပ်ငန်းရှင်တစ်ဦးက RFA ကို ပြောပါတယ်။

“ဒေါ်လာက ဆက်ဝင်ဖို့ရှိနေတော့ ရွှေစျေးကလည်း ကျလာမှာပါ။ မနေ့က ရွှေစျေးက ၆၉ သိန်းအထိကျတောင် ကျခဲ့တာပေါ့။ ဒေါ်လာစျေး ဆက်ကျမယ်ဆိုရင် ရွှေစျေးလည်း ထပ်ပြိုဖို့ရှိပါတယ်။ ထပ်ကျမှာပေါ့”

စစ်ကောင်စီ ဗဟိုဘဏ်က နိုင်ငံခြား ငွေကြေးစျေးကွက်မှာ စက်သုံးဆီ လုပ်ငန်းရှင်တွေအတွက် အမေရိကန် ဒေါ်လာ သန်းတစ်ရာ ပံ့ပိုးပေးဖို့ စီစဥ်ထားကြောင်း အခုလ ၁၄ ရက်နေ့က ထုတ်ပြန်ကြေညာပြီးနောက် အမေရိကန် ဒေါ်လာနဲ့ ရွှေစျေး တဖြည်းဖြည်း ပြန်ကျဆင်းလာတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာမသိမ်းခင်က အခေါက်ရွှေ တစ်ကျပ်သားကို ၁၃ သိန်းကျော်နဲ့ အမေရိကန် ဒေါ်လာစျေးကလည်း တစ်ဒေါ်လာကို ၁၄၀၀ ကျပ်သာရှိခဲ့ပေမဲ့ အခုတော့ ဒေါ်လာနဲ့ ရွှေဈေးနှုန်းက လေးဆကျော်အထိ မြင့်တက်နေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org