ဝန်းသိုမြို့နယ်အတွင်း ဝက်နားရွက်ပြာရောဂါဖြစ်ပွားနေ
2018.06.24
စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ်အတွင်း ကျေးရွာအတော်များများမှာ ဝက်နားရွက်ပြာရောဂါ ဖြစ်ပွားနေတယ်လို့ မြို့နယ်မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ဒီနေ့ ပြောပါတယ်။
မြို့နယ်အတွင်း ကျေးရွာတွေရဲ့ ၃ ပုံ ၂ ပုံလောက်မှာ ဝက်နားရွက်ပြာရောဂါ ဖြစ်ပွားနေတာလို့ မြို့နယ် မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါက်တာ ဇာနည်ဇော်က ပြောပါတယ်။
"မြို့နယ်အားလုံးရဲ့ ၃ ပုံ ၂ ပုံ လောက်ကို ပြောက်ကျားဖြစ်နေတာပေါ့။ တစ်ရွာဖြစ်နေတာဆိုရင် တစ်ရွာလုံးဖြစ်နေတာ မဟုတ်ဘူးပေါ့လေ။ တချို့အိမ်လေးတွေမှာ ဖြစ်နေတာလေးတွေ တွေ့နေရတယ်။ ဖြစ်တာကတော့ လွန်ခဲ့တဲ့ ၂ လလောက်ကစပြီး ရောဂါလက္ခဏာလေးတွေ တွေ့တာပေါ့လေ။ အဲ့တုန်းကတော့ များလည်းမများသေးဘူး။ ပြီးတော့ သာမာန်ရောဂါတွေနဲ့ ရောထွေးနေတဲ့အခါကျတော့ ဓာတ်ခွဲခန်း မပို့သေးဘူပေါ့။ အခြေအနေ စောင့်ကြည့်နေတာပေါ့။ နောက်ပိုင်း ဖြစ်စဉ်လေးတွေ စိပ်လာတဲ့အခါ ဇွန်လ ၁၂ ရက်နေ့မှာ ကျော်ဒွန်းရပ်ကွက်နဲ့ သစ်စိမ့်ကုန်းရပ်ကွက်က ဝက်သေကောင်တွေရဲ့ ကိုယ်တွင်းအင်္ဂါတွေကို မန္တလေးဓာတ်ခွဲခန်းကို ပို့ခဲ့တယ်။ ၁၄ ရက်နေ့မှာ ဓာတ်ခွဲခန်းအဖြေရတာပေါ့"
မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနက ကျေးရွာတွေမှာ အသိပညာပေးတာ၊ ပိုးသတ်ဆေးဖြန်းတာ၊ ရောဂါဖြစ်နေတဲ့ဝက်တွေကို ဆေးကုတာတွေ လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။
ဝက်နားရွက်ပြာရောဂါကြောင့် ဝက်တွေ သေဆုံးမှုရှိနေပေမယ့် သေဆုံးတဲ့ အရေအတွက် အတိအကျကို မသိရသေးဘူးလို့လည်း ဆိုပါတယ်။
လက်ရှိမှာ ဝန်းသိုမြို့နယ်ကနေ မိုးကုတ်၊ မန္တလေးစတဲ့ မြို့တွေကို ဝက်တွေ သယ်ယူပို့ဆောင်တာတွေ ထိန်းချုပ်ထားပါတယ်။
ဝန်းသိုမြို့နယ်မှာ ရပ်ကွက်နဲ့ ကျေးရွာပေါင်း ၁၇၀ ကျော်ရှိပြီး ကျေးရွာပေါင်း ၁၂၀ကျော်မှာ ဖြစ်ပွားနေတာပါ။
အဲဒီရောဂါဟာ ဗိုင်းရပ်ပိုးကြောင့်ဖြစ်တဲ့ရောဂါဖြစ်ပြီး တိုက်ရိုက်ကုသပေးနိုင်တဲ့ဆေးမရှိပေမယ့် တချို့ဝက်တွေမှာတော့ ခံနိုင်ရည်အားကောင်းမယ်ဆိုရင် ပြန်ကုသနိုင်တဲ့ အခြေအနေရှိတယ်လို့ သိရပါတယ်။
ဝက်နားရွက်ပြာရောဂါဟာ မြန်မာနိုင်ငံကို ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလမှာ စတင် ကူးစက်ပြန့်ပွားခဲ့တာဖြစ်ပြီး လူတွေကို ကူးစက်တာမရှိပေမယ့် ဝက်တွေသေဆုံးနိုင်တဲ့အတွက် မွေးမြူရေးလုပ်ငန်းကို ထိခိုက်နိုင်တဲ့ ရောဂါဖြစ်ပါတယ်။
ဝက်မွေးမြူရေးခြံတွေကို ပိုးသတ်သန့်စင်တာတွေ စနစ်တကျလုပ်တာ၊ လူ/တိရိစ္ဆာန်နဲ့ ယာဉ်တွေဖြတ်သန်းသွားလာတာကို ထိန်းချုပ်တာ၊ စားကြွင်းစားကျန်တွေကို စုဆောင်းပြီး ဝက်တွေကို အစာကျွေးမယ်ဆိုရင် သေချာချက်ပြုတ်ကျွေးတာတွေ လုပ်သင့်ပြီး ရောဂါဖြစ်တဲ့ဝက်တွေ၊ သေဆုံးတဲ့ဝက်တွေရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ရောင်းချ/စားသောက်တာတွေ မလုပ်ဖို့ မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနက ထုတ်ပြန်သတိပေးထားပါတယ်။