အမေရိကန်သတင်းထောက် ဖန်းစတားကိုလွှတ်ပေးဖို့ မိသားစုတောင်းဆို

မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတာ ရက်ပေါင်းတစ်ရာပြည့်ပြီဖြစ်တဲ့ အမေရိကန် သတင်းထောက် Danny Fenster ကိုပြန်လွှတ်ပေးဖို့ မိသားစုက စစ်ကောင်စီကို တောင်းဆိုလိုက်ပါတယ်။

ဖမ်းဆီးခံထားရတာ ရက်ပေါင်းတစ်ရာပြည့်ပြီဖြစ်တဲ့ အမေရိကန်သတင်းထောက် Danny Fenster။ File Photo: AFP

မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတာ ရက်ပေါင်းတစ်ရာပြည့်ပြီဖြစ်တဲ့ အမေရိကန်သတင်းထောက် Danny Fenster ကို ပြန်လွှတ်ပေးဖို့ မိသားစုက စစ်ကောင်စီကို တောင်းဆိုလိုက်ပါတယ်။

ဖန်းစတားဟာ ထောင်ထဲမှာ ကိုဗစ်ကူးစက်ခံထားရဖွယ်ရှိတယ်လို့ မိသားစုတွေက အမေရိကန် သတင်းထောက်တွေကို ဗွီဒီယို ကွန်ဖရန့်ကနေတဆင့် ပြောတယ်လို့ AFP သတင်းမှာ မနေ့က ဖော်ပြထားပါတယ်။

သြဂုတ် ၁ ရက်နေ့က ဖန်းစတားကို မိသားစုတွေနဲ့ နောက်ဆုံးအကြိမ် တယ်လီဖုန်းနဲ့ စကားပြောခွင့်ရခဲ့ပြီး အဲဒီအချိန်က ဖန်းစတားဟာ အနံ့ပျောက်တာ၊ အရသာ မခံစားရတာတွေ ဖြစ်နေတယ်လို့ မိခင်ဖြစ်သူ Rose Fenster ကပြောပါတယ်။ သူ့သားနဲ့ အဆက်အသွယ် ရဖို့ကလည်း အတော်ခဲယဉ်းအကန့်အသတ်များပြီး ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးနဲ့ သူလွတ်မြောက်ရေး ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်တွေတောင် တွေ့ခွင့်မရဘူးလို့ပြောပါတယ်။

အသက် ၃၇ နှစ်အရွယ် Danny Fenster ဟာ အမေရိကန်ပြည်ထောင်စု၊ မီချီဂန်ပြည်နယ် ဒီထရွိုက် မြို့သားဖြစ်ပြီး၊ ရန်ကုန်မြို့က Frontier Myanmar သတင်းဌာနမှာ သတင်းခန်းအုပ်ချုပ်မှုအယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။ သူ့ကို မေလ ၂၄ ရက်နေ့က ရန်ကုန်လေဆိပ်မှာ စစ်ကောင်စီက ဖမ်းလိုက်ပါတယ်။ ဒန်နီဖန်းစတားရဲ့ ရုံးချိန်းကို လာမယ့် စက်တင်ဘာလ ၆ ရက်နေ့ကို ချိန်းဆိုထားပြီး အဲဒီရက်မတိုင်ခင်မှာ မိသားစုက တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

အခုဆိုရင် သူ့တို့သား အဖမ်းခံထားရတာ ရက်ပေါင်းတစ်ရာရှိသွားပြီးဆိုတာ မယုံနိုင်လောက်အောင် ဖြစ်ရသလို၊ ဝိုင်းဝန်းကူညီနေကြတဲ့ သူတွေကိုလည်း ကျေးဇူးအထူးတင်ပါတယ်လို့ ဖန်းစတားရဲ့ မိခင်က ပြောပါတယ်။ သူ့ဖခင် Buddy Fenster ကလည်း သူ့သားကို စစ်ကောင်စီက တရားမစွဲသေးတာဟာ အကြောင်းတစ်စုံတရာ ရှိနိုင်တယ်လို့ ထင်တဲ့အကြောင်းနဲ့ လွတ်မြောက်ရေးနဲ့ ပတ်သက်လို့ အကောင်းဘက်က ရှုမြင်ထားတဲ့အကြောင်း ပြောကြားလိုက်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org