တပ်တွင်းစည်းလုံးမှုပျက်အောင် နိုင်ငံတကာနဲ့ မီဒီယာတွေ ကြိုးပမ်းနေတယ်လို့ ဒု-စစ်ခေါင်းဆောင် စွပ်စွဲ
စစ်အာဏာရှင် ဆန့်ကျင်သူတွေနဲ့ ဒီမိုကရေစီ လိုလားသူတွေက တပ်ပျက်နေပြီလို့ ပြောဆိုနေချိန်မှာ တပ်တွင်းစည်းလုံးမှုရှိဖို့ အခုလိုစည်းရုံးပြောဆိုလိုက်တာ ဖြစ်ပါတယ်။
-
အောင်သိင်္ခ (ဝါရှင်တန်ဒီစီ)
2023-04-08 -
-
-
တပ်တွင်းစည်းလုံးညီညွတ်မှု ပြိုကွဲအောင်နဲ့ တပ်အင်အားချိနဲ့အောင် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းတွေနဲ့ မီဒီယာတွေက ကြိုးပမ်းနေကြတယ်လို့ အာဏာသိမ်း ဒုတိယစစ်ခေါင်းဆောင်က ဧပြီလ ၇ ရက်နေ့မှာ စွပ်စွဲပြောဆိုလိုက်ပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ်က ဗထူးတပ်မြို့မှာ ကျင်းပတဲ့ ဗိုလ်သင်တန်းကျောင်း (ဗထူး) ဗိုလ်လောင်းသင်တန်းဆင်းပွဲမှာ အာဏာသိမ်း ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ပြောခဲ့တာပါ။
စစ်အာဏာရှင် ဆန့်ကျင်သူတွေနဲ့ ဒီမိုကရေစီ လိုလားသူတွေက တပ်ပျက်နေပြီလို့ ပြောဆိုနေချိန်မှာ တပ်တွင်းစည်းလုံးမှုရှိဖို့ အခုလိုစည်းရုံးပြောဆိုလိုက်တာ ဖြစ်ပါတယ်။
တပ်တွင်း၊ တပ်ပြင်စည်းရုံးရေးလုပ်ငန်းတွေကို အလေးအနက်ထားဆောင်ရွက်သွားဖို့လိုကြောင်း၊ တပ်မတော်သားတွေတင်မကဘဲ သူတို့ရဲ့မိသားစုဝင်တွေကိုပါ တစ်စည်းတစ်လုံးတည်း ကျစ်လျစ်ခိုင်မာအောင် တည်ဆောက်ဖို့လည်း ဒုတိယစစ်ခေါင်းဆောင်က စည်းရုံးခဲ့ပါတယ်။
သတင်းစာဆရာ ဦးစိန်ဝင်းက စစ်တပ်ဟာ အာဏာမသိမ်းခင်ကတည်းက သတင်းမီဒီယာတွေကို ဖိနှိပ်ခဲ့တာဖြစ်ပြီး အာဏာသိမ်းပြီးနောက်မှာတော့ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တာ ဖြစ်ပြီး အခုလိုပြောဆိုမှုက သတင်းမီဒီယာသမားတွေအပေါ် နောက်ထပ်ခြိမ်းခြောက်မှုဖြစ်တယ်လို့ ပြောပါတယ်။
စစ်တပ်ဟာ ပြည်သူတွေဆီကို သတင်းမှန် ရောက်အောင်လုပ်ဆောင်နေတဲ့ သတင်းမီဒီယာတွေကို ရန်သူလို့ သဘောထားနေတာလို့ သံလွင်ခက် သတင်းအေဂျင်စီ တည်ထောင်သူ ကိုဇေယျာမင်းက ဝေဖန်ပါတယ်။
စစ်ကောင်စီဟာ ရန်ကုန်မြို့ အင်းစိန်ထောင် အထူးတရားရုံးကနေ ပြီးခဲ့တဲ့ မတ်လ ၂၉ရက်နေ့ကပဲ သတင်းသမား သုံးယောက်အပါအဝင် လူငယ် ၁၃ ယောက်ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် သုံးနှစ်စီ ချမှတ်ခဲ့ပါတယ်။
အဲဒီသတင်းသမား သုံးယောက်ဟာ ၂ဝ၂၂ ခုနှစ် စက်တင်ဘာ ၁၃ ရက်နေ့က ကြည့်မြင်တိုင် ပန်းပင်ကြီးလမ်းဆန္ဒပြပွဲမှာ သတင်းယူနေစဉ် အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။
ဒီနှစ် ဇန်နဝါရီ ၃၀ ရက်နေ့က နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ သတင်းထောက် ၁၃ဝ ထက်မနည်း ဖမ်းဆီး၊ အကျဉ်းကျခံရပြီး ၇၂ ယောက်က ဖမ်းဆီးခံထားရပါတယ်။