ခြေ/ဥ ပြင်ဆင်ရေး ဟောပြောပွဲ အားကစားကွင်း သုံးခွင့်မပြု
2014.06.23

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ ခရိုင်အားကစားကွင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲအတွက် ခွင့်ပြု ချက်တောင်းခံတာကို နေပြည်တော် အားကစားဦးစီး ဌာန ညွှန်ကြားရေးမှူးက ခွင့်ပြုချက်မပေးနိုင်ကြောင်း အကြောင်းပြန်တယ်လို့ မကွေးတိုင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးနေမျိုးကျော် က ပြောပါတယ်။
"အခုကျနော်တို့ မင်းဘူးခရိုင် အားကစားကွင်းကို သွားပြီးတော့ တောင်းတဲ့အခါမှာ မြို့နယ်အား/ကာမှူး ထံကို ကျနော်တို့သွားပြီး ညှိနှိုင်းပါတယ်၊ နေပြည်တော် ကနေ အား/ကာညွှန်မှူး ဦးဝင်းမောင် လက်မှတ်နဲ့ မင်းဘူးခရိုင် အားကစားကွင်းကို အသုံးပြုခွင့် မပေးနိုင်ကြောင်း ကျနော်တို့ကို စာပြန်ပါတယ်ခင်ဗျ၊ အားကစားကွင်းတွေမှာ ရွေးကောက်ပွဲ မဲဆွယ်တာနဲ့ ပတ်သက်ပြီးတော့မှ လွှတ်တော်ကိုယ်စား လှယ်လောင်းတွေ၊ ပါတီကိုယ်စားလှယ်တွေကနေမှ အားကစားကွင်းတွေကို အသုံးမပြုရဘူးဆိုတဲ့ အဲဒီဟာနဲ့ ပူးတွဲဖော်ပြတယ်"
လာမယ့် ဇွန်လ ၃၀ရက်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြီး ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲအတွက် ခွင့်ပြုချက် တောင်းခံထားတာ ဖြစ်ပါတယ်။
အဲ့ဒီမင်းဘူးမြို့ဟောပြောပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက် တာအောင်မိုးညို၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်၊ တရားလွှတ်တော်ရှေ့နေ ဦးဌေးဦးနဲ့ မကွေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးနေမျိုးကျော်တို့ ဟောပြောဖို့ စီစဉ်ထားတာဖြစ်ပါတယ်။