ဒီးမော့ဆိုမှာ လက်နက်ကြီးကြောင့် ဒေသခံနှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရ

ဒီးမော့ဆိုမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် နှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရခဲ့ပါတယ်။

ဒီးမော့ဆိုမြို့နယ်မှာ လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရသူကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကတွေ့ရစဉ်။ KNDF

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် နှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ညွှန်ကြားရေးမှူး ကိုဗညားကပြောပါတယ်။
 
မနေ့မနက် ၁၁ နာရီခန့်မှာ ဒီးမော့ဆို အရှေ့ဘက်အခြမ်းက ရွာတစ်ခုအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့လို့ အသက် ၇၀ အရွယ် အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။
 
ည ၇ နာရီခန့်မှာလည်း စစ်ဘေးဒုက္ခသည်စခန်းတွေရှိတဲ့ ဒီးမော့ဆို အနောက်ဘက်အခြမ်းကို လက်နက်ကြီးကျည် ၁၀ လုံးထပ်မနည်းကျခဲ့လို့ အဲဒီစခန်းမှာ နေထိုင်နေတဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ကိုဗညားကပြောပါတယ်။
 
“မနေ့က တိုက်ပွဲဖြစ်တယ်ဆိုတာ မရှိဘူးပေါ့နော်။ စစ်ကောင်စီက လက်နက်ကြီးတွေ ဆက်တိုက်ဆိုသလိုပစ်နေတာ။ အရပ်သားရှိတဲ့ နေရာတွေကိုကျတော့ သေဆုံး ဒဏ်ရာရရတာတွေ ရှိပါတယ်။ ပြောရရင် အခု ဒီဇန်နဝါရီ၊ ဖေဖော်ဝါရီ နှစ်လအတွင်းမှာ သူတို့လက်နက်ကြီး ပစ်ခတ်တဲ့နေရာကိုကြည့်ရင် တကယ့် စစ်ဘေးဒုက္ခသည်စခန်းတွေ ရှိတဲ့နေရာကိုပဲ ဦးတည်ပြီး ပစ်နေတဲ့ သဘောဖြစ်နေတယ်”
 
ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်မတော် (KNDF) ရဲ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီရဲ့ ဘောလခဲအခြေစိုက် စစ်တပ်စခန်းကနေ တိုက်ပွဲဖြစ်တာမရှိဘဲ ဒီးမော့ဆိုအရှေ့ဘက်အခြမ်းရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခဲ့တာကြောင့် အသက် ၇၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။ 
 
ဒါ့အပြင် စစ်ကောင်စီရဲ့ဖရူဆိုနဲ့ ဒီးမော့ဆိုအခြေစိုက် တပ်တွေကနေလည်း လက်နက်ကြီးတွေနဲ့ ဆက်တိုက်ဆိုသလို ပစ်ခဲ့တာကြောင့် အရပ်သားနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
 
ဒီအခြေအနေနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ကယားပြည်နယ် ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။ 
 
ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကလည်း နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တောင်စလုံးရွာအတွင်း လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တာကြောင့် အသက် ၄၆ နှစ် အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရပါတယ်။ 
 
ပင်လောင်းမြို့နယ်အတွင်းမှာ တိုက်ပွဲကြောင့် တောင်မဲတင်း၊ လုံပျဉ်၊ တောင်စလုံး၊ မြောက်စလုံး အပါအဝင် ရွာငါးရွာက ဒေသခံငါးထောင်ဝန်းကျင် ပင်လောင်းမြို့ပေါ်နဲ့  နီးစပ်ရာနေရာတွေကို ထွက်ပြေးနေကြရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org