ဒီးမော့ဆိုမှာ နေအိမ်သုံးလုံး မီးရှို့ခံရ
ကယား (ကရင်နီ) ပြည်နယ် ဒီးမော့ဆိုမြို့နယ် ဒေါခလိုက်လင်ကျေးရွာမှာ နိုဝင်ဘာလ ၁၈ ရက် မနေ့က စစ်ကောင်စီတပ်က စခန်းချပြီးနောက် နေအိမ် သုံးလုံးကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ကျေးရွာရှိ ဒေသခံတစ်ဦးက ပြောပါတယ်။
- 2021-11-19
-
-
-
ကယား (ကရင်နီ) ပြည်နယ် ဒီးမော့ဆိုမြို့နယ် ဒေါခလိုက်လင်ကျေးရွာမှာ နိုဝင်ဘာလ ၁၈ ရက် မနေ့က စစ်ကောင်စီတပ်က စခန်းချပြီးနောက် နေအိမ် သုံးလုံးကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ကျေးရွာရှိ ဒေသခံ တစ်ဦးက ပြောပါတယ်။
အဲဒီရွာမှာ ချက်ပြုတ်စားသောက်ပြီးနောက် မီးရှို့ခံရတာလို့ လုံခြုံရေးအရ အမည်မဖော်လို ရွာသားတစ်ဦးက ပြောပါတယ်။
"အဲဒီမှာ သူတို့ ချက်ပြုတ်စားသောက်နေကြတယ်။ ညနေပိုင်း ၄ နာရီလောက်ရောက်တော့ အဲဒီအိမ် မီးလောင်သွားတယ်။ အဲဒီအိမ်နဲ့ ကျနော့်အိမ်က နီးနီးလေးပဲလေး။ ကျနော့်အိမ်လည်း လောင်သွားတယ်။ လမ်းမကြီးဘေးက တိုက်ပုတစ်လုံးလည်း လောင်သွားတာပေါ့"
နိုဝင်ဘာလ ၁၈ ရက် မနေ့ နေ့လယ်ပိုင်းက ဒီးမော့ဆိုမြို့နယ် ၆ မိုင်ကျေးရွာမှာ စစ်အင်အားဖြည့်တင်းနေတဲ့ စစ်ကောင်စီယာဉ်တန်းနဲ့ ကရင်နီပူးပေါင်းတပ်တို့က တိုက်ပွဲဖြစ်ခဲ့ပြီးနောက် တဆက်တည်းရှိနေတဲ့ ဒေါခလိုက်လင်ကျေးရွာကို စစ်တပ်က စတင်ရောက်ရှိလာခဲ့တာလို့ ဆိုပါတယ်။
နေအိမ်တွေ မီးရှို့ခံရတာကို လယ်ထဲမှာ စပါးရိတ်သိမ်းနေစဉ် လှမ်းမြင်ခဲ့ရတာဖြစ်ပေမယ့် စစ်သားတွေရှိနေလို့ သွားမကြည့်ရဲခဲ့ဘဲ စစ်သားတွေပြန်သွားနောက် ဒီနေ့မနက်က ရွာထဲကိုဝင်ကြည့်ချိန်မှာမှ အိမ်တွေ မီးရှို့ ခံရတယ်ဆိုတာ သိခဲ့ရတာလို့ အဲဒီကျေးရွာသားက ပြောပါတယ်။
အိမ်မီးရှို့ခံရတဲ့ကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ် မေးမြန်းဖို့ ကြိုးစားနေပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက် ကယားပြည်နယ်နဲ့ ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်း နေအိမ် ၄၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစုက နိုဝင်ဘာလ ၁၆ ရက်နေ့က ထုတ်ပြန် ထားပါတယ်။