ဒီးမော့ဆိုမှာ တိုက်ပွဲကြောင့် ထိခိုက်သေဆုံးမှုတွေရှိ

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ထွီလွီးဘီလာရွာနဲ့ ငွေတောင်ရွာသစ်ရွာကြားမှာ အောက်တိုဘာလ ၂၆ ရက် မနေ့ညနေ ၄ နာရီကစပြီး စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ အပြင်းအထန်ဖြစ်ခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးအဖွဲ့ (KNDF) က သတင်းထုတ်ပြန်ပါတယ်။

ကရင်နီအမျိုးသားကာကွယ်ရေးအဖွဲ့ (KNDF) တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ် Photo: KNDF

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ထွီလွီးဘီလာရွာနဲ့ ငွေတောင်ရွာသစ်ရွာကြားမှာ အောက်တိုဘာလ ၂၆ ရက် မနေ့ညနေ ၄ နာရီကစပြီး စစ်ကောင်စီတပ်နဲ့ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့တယ်လို့ ကရင်နီအမျိုးသား ကာကွယ်ရေးအဖွဲ့ (KNDF) က သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်ဘက်ကနေ စစ်ကြောင်းတွေထိုးလာတာကြောင့် ကရင်နီတပ်မတော် (KA)၊ KNDF ပူးပေါင်းအဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့ပြီး နှစ်နာရီနီးပါး တိုက်ပွဲဖြစ်ခဲ့တာလို့ KNDF ကပြောပါတယ်။

“ဟုတ်ပါတယ်၊ မနေ့ညနေပိုင်း တိုက်ပွဲဖြစ်ကြတာ ၂ နာရီကျော် ၃ နာရီလောက် ကြာမယ်ထင်တယ်၊ လက်နက်ကြီးသံရော၊ လက်နက်ငယ်ရော ဆူညံနေတာပဲ၊ လေယာဉ်တွေလည်း ပျံနေတာတွေ့တယ်၊ ဒေသခံတွေတော့ အဲဒီအနား မရှိကြပါဘူး ပြေးနေကြရတာကြာပြီ” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒီးမော့ဆို ဒေသခံက RFA ကိုပြောပါတယ်။

လက်ရှိ ဒီးမော့ဆိုမြို့ထဲမှာ ဒေသခံတွေမရှိကြဘဲ အဝေးကြီးမပြေးနိုင်တဲ့ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အို အချို့သာ နီးစပ်ရာ ဘုန်းကြီးကျောင်းတွေနဲ့ မြို့အစပ်နားက ဒုက္ခသည် ကူညီရေးစခန်းတွေမှာ ရှိနေကြတာလို့ ဒေသခံက ဆိုပါတယ်။

မနေ့ညနေက နှစ်ဘက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အနည်းဆုံး ၁၀ ဦး သေဆုံးပြီး စစ်ကား နှစ်စီး ပျက်စီးခဲ့တယ်လို့ KNDF က ပြောပေမယ့် RFA အနေနဲ့ ထိခိုက်သေဆုံးမှု တိတိကျကျကို သီးခြား အတည်ပြု နိုင်ခြင်း မရှိသေးပါဘူး။

လက်ရှိ စစ်ကောင်စီတပ်သားတွေဟာ ဒီးမော့ဆိုမြို့နယ် သံတောင်နဲ့ ခြေရာတော်ဘုရားအနားမှာ တပ်စွဲထားပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာတွေလည်း ရှိတယ်လို့ KNDF က ဆိုပါတယ်။

ကယားပြည်နယ်ထဲက ဖယ်ခုံ၊ မိုးဗြဲ၊ ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်တွေမှာ စစ်ကောင်တပ်သားတွေ စစ်ဆင်ရေး လုပ်နေတာကြောင့် ဒီရက်ပိုင်း မိုးဗြဲနဲ့ ဒီးမော့ဆိုထဲမှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org