ကျောင်းသူတွေ ကိုယ်ဝါသနာပါရာနဲ့ ကိုက်ညီတာကို လုပ်ကြဖို့ အတိုင်ပင်ခံပြော
2019.01.24

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်မြို့ ပန်းပဲတန်းမြို့နယ် အထက(၁) အမျိုးသမီးသီးသန့်ကျောင်းကို ဒီနေ့ သွားရောက်ခဲ့ပြီး ကျောင်းသူတွေကို ကိုယ်ဝါသနာပါရာနဲ့ ကိုက်ညီတာကို လုပ်ကြဖို့ မှာကြားခဲ့တယ်လို့ သိရပါတယ်။
ကျောင်းသူတွေကို ကိုယ်ဝါသနာပါရာနဲ့ ကိုက်ညီတာကို လုပ်ဖို့ နိုင်ငံတော်အတိုင်ပင်ခံက ပြောခဲ့တယ်လို့ အဲဒီကျောင်းကို ဒီနေ့ ရောက်ခဲ့တဲ့ NLD ပါတီက ပန်းပဲတန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦး က RFA ကိုပြောပါတယ်။
တဆက်တည်းမှာပဲ ပန်းပဲတန်းမြို့နယ် အထက(၁)ကျောင်းဟာ တစ်ချိန်က သမိုင်းဝင်ကျောင်းလည်းဖြစ်ပြီး နိုင်ငံ့ခါင်းဆောင်တွေ အတော်တော်များများ ပေါ်ထွက်ခဲ့တာကြောင့် ကျောင်းရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ ရန်ကုန်တိုင်းလူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း တို့ကို မှာကြားခဲ့တယ်လို့ သိရပါတယ်။
လက်ရှိအဲဒီစာသင်ကျောင်းမှာ ကျောင်းသူဦးရေ ၂၇၃ ဦးသာရှိပြီး ကျောင်းအကျယ်ဝန်းအရ ရန်ကုန်မြို့မှာ ကျောင်းသူဦးရေ အနည်းဆုံးကျောင်းလည်းဖြစ်ပါတယ်။
အဲဒီကျောင်းရှေ့မှာ နိုင်ငံတော်အတိုင်ပင်ခံထံ အသနားခံစာ၊ တိုင်ကြားစာပေးဖို့ လာရောက်စောင့်ဆိုင်းသူတွေရှိခဲ့ပြီး သနားခံစာတွေကို အတိုင်ပင်ခံရုံးတာဝန်ရှိသူတွေက လက်ခံခဲ့ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုထက်အာကာနဲ့ ကိုကျော်ဇောဝင်းတို့ ပေးပို့လိုက်တာပါ။