ကော့သောင်းမြို့နဲ့ မြိတ်မြို့တွေကို ဒေါ်အောင်ဆန်းစုကြည် ခရီးထွက်
2012.12.22

ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်၊ ရန်ကြီးအောင်အားကစားကွင်းမှာ ကျင်းပပြုလုပ်တဲ့ လူထုတွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ဒီ စည်းရုံးရေးခရီးစဉ်ဟာ မဲရရှိရေးအတွက် အဓိကမဟုတ်ဘဲ ပြည်သူတွေ ဒီမိုကရေစီတာဝန်တွေ နားလည်အောင်လုပ်ဖို့ဖြစ်တယ်လို့ တက်ရောက်လာတဲ့ ပရိသတ် ၁ သောင်းကျော်ကို ပြောကြားခဲ့ပါတယ်။
" တချို့က စည်းရုံးရေးခရီးစဉ်ထွက်တယ်ဆိုတာ ရွေးကောက်ပွဲမှာ မဲရရေးအတွက် စည်းရုံးရေးခရီး ထွက်တယ်လို့ နားလည်ကြပါတယ်၊ အဲ့ဒါကအဓိကမဟုတ်ပါဘူး၊ အဓိကဟာ ပြည်သူလူထုအနေနဲ့ ကိုယ့်ရဲ့ ဒီမိုကရေစီတာဝန်ကိုနားလည်ဖို့ ဖြစ်ပါတယ်၊ ဒီမိုကရေစီနိုင်ငံကို တည်ဆောက်မယ်ဆိုရင် ပြည်သူတွေက ဒီမိုကရေစီကို သေသေချာချာနားလည်ရပါမယ်၊ အဲ့ဒါမှ ကျွန်မတို့ လိုချင်တဲ့ ဒီမိုကရေစီနိုင်ကို တည်ဆောက်နိုင်မှာပါ"
ဒေါ်အောင်ဆန်းစုကြည်ဟာ အဲဒီ ရန်ကြီးအောင် အားကစားကွင်းလူထုတွေ့ဆုံပွဲမှာ နာရီဝက်ခန့် မိန့်ခွန်းပြောကြားခဲ့ပြီးတဲ့နောက် ၊ ၃ မိုင် ဘုန်းကြီးကျောင်း ကျောင်းထိုင်ဆရာတော်ကို သွားရောက်ဖူးမြှော်ပြီး ကော့သောင်း NLD ရုံးကိုသွားရောက်ကာ ပါတီဝင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
အဲဒီနောက် ကော့သောင်းလေဆိပ်ကနေ မြိတ်မြို့ကို ပြန်လည်ထွက်ခွာသွားပါတယ်။
မြိတ်မြို့ ကန်ဖျားရပ် ကြံတောလမ်းရှိ ဦးစောဂျက်ခမ်းမမှာ ဒေသခံတွေနဲ့ တွေဆုံရာမှာ ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေစိုးမိုးရေး၊ ပညာရေးအဆင့်မြှင့်တင်ရေးနဲ့ ဒီမိုကရေစီ အစစ်အမှန်ရတယ်ဆိုတာ ပြည်သူတွေကိုယ်တိုင် ခံစားရမှ ဒီမိုကရေစီဖြစ်ကြောင်း၊ စစ်မှန်တဲ့ဒီမိုကရေစီရရှိဖို့ ပြည်သူကိုယ်တိုင်ပါဝင်မှသာ ရရှိခံစားရမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
" အပြောင်းအလဲတွေ ရှိလာတဲ့ ၂ နှစ်အတွင်းမှာ ပြည်သူတွေရဲ့ ဘဝတွေ အပြောင်းအလဲရှိပြီလားလို့ မေးမယ်ဆိုရင် အများစုက ဘာမှအပြောင်းအလဲမရှိသေးဘူးလို့ ကျွန်မပြောချင်ပါတယ်၊ ဒီမိုကရေစီနိုင်ငံမှာ အပြောင်းအလဲရှိပြီလား၊ မရှိသေးဘူးလားဆိုတာ ပြည်သူက ဆုံးဖြတ်လိမ့်မယ်၊ ပြည်သူက ငါတို့ဘဝတွေ တကယ်ပြောင်းသွားပြီလို့ ခံစားရမှ အပြောင်းအလဲရှိပြီလို့ယူဆရမယ်၊ ကိုယ့်ဘဝတွေ တကယ်ပြောင်းဖို့အတွက် ပြည်သူတွေကိုယ်တိုင် ပူးပေါင်းပါဝင်ရမယ်"
ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန်မှာ ကျွန်းစုမြို့နယ်နဲ့ ကံမော်ရွာတွေကို သွားရောက်မှာဖြစ်ပြီး ဒေသခံလူထုကို မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။