ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်သွင်းကုန်အမှုနဲ့ စွဲချက် မတင်သင့်ကြောင်း လျှောက်လဲချက်ပေး

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ (၈) နဲ့ ရေးယူထားတဲ့ အမှုနဲ့ပတ်သက်လို့ စွဲချက်မတင်သင့်ဘဲ တရားရှင် လွှတ်ပေး သင့်ကြောင်း ဒီနေ့ အောက်တိုဘာ ၁၈ ရက်နေ့ ရုံးချိန်းမှာ လျှောက်လဲချက်ပေးခဲ့တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးကြည်ဝင်းက ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စင်္ကာပူမှာ ၂၀၁၆ ခုနှစ်က တွေ့ရစဥ် Photo: AFP

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ (၈) နဲ့ ရေးယူထားတဲ့ အမှုနဲ့ ပတ်သက်လို့ စွဲချက်မတင်သင့်ဘဲ တရားရှင်လွှတ်ပေးသင့်ကြောင်း ဒီနေ့ အောက်တိုဘာ ၁၈ ရက်နေ့ ရုံးချိန်းမှာ လျှောက်လဲချက်ပေးခဲ့တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးကြည်ဝင်းက ပြောပါတယ်။

တရားလိုရှေ့နေတွေ ဘက်ကတော့ စွဲချက်တင်သင့်ကြောင်း လျှောက်လဲချက်ပေးခဲ့ပြီး စွဲချက်တင်သင့် မတင်သင့်ကိုတော့ နောက်လာမယ့် ရုံးချိန်း အောက်တိုဘာ ၂၅ ရက်နေ့မှာ အမိန့်ချမယ်လို့ တရားရုံးက ဆုံးဖြတ်သွားဖို့ရှိပါတယ်။

အဲဒီအမှုက စစ်တပ်က အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို ဝင်ရောက် စီးနင်းစဉ်မှာ သူရဲ့ သက်တော်စောင့်တွေ၊ ဂိတ်ကင်းတဲနဲ့ ကိုယ်ရေးအရာရှိဆောင်တို့မှာ စကားပြော စက်တွေနဲ့ Jummer လို့ခေါ်တဲ့ ဆက်သွယ်ရေး ဖြတ်တောက်စက် တစ်စုံတို့ကို တွေ့တာကြောင့် ပို့ကုန် သွင်းကုန်ပုဒ်မနဲ့ အရေးယူခံထားရတဲ့အမှု ဖြစ်ပါတယ်။

ဆက်သွယ်ရေးဥပေဒ ပုဒ်မ - ၆၇ နဲ့ အရေးယူထားတဲ့ အမှုကတော့ စွဲချက်တင်သင့် မတင်သင့် အမိန့်ချမယ့် အဆင့်ကို ရောက်နေပေမယ့် ပို့ကုန်/ သွင်းကုန်အမှုနဲ့ ဆက်စပ်နေတာကြောင့် အဲဒီအမှုကို စောင့်ပြီး တစ်ပြိုင်နက်တည်း အမိန့်ချမယ်လို့ တရားရုံးက ပြောဆိုထားပါတယ်။

သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦးကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေပုဒ်မ - ၂၅ နဲ့စွဲထားတဲ့ အမှုတွေကိုတော့ ရဲမှူးမြင့်နိုင်နဲ့ ဒုရဲအုပ်လှိုင်ဝင်းတို့ကို ပြန်ခေါ်သက်သေတွေ အဖြစ်နဲ့ ဒီနေ့ စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီအမှုတွေက ၂၀၂၀ ရွေးကောက်ပွဲ အကြိုကာလ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ မဲဆွယ်တဲ့ ယာဉ်တန်း လှည့်လည်တာကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့က နေအိမ်ရှေ့ထွက် လက်ပြခဲ့တာဟာ ကိုဗစ်စည်းကမ်းတွေ ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အရေးယူခံထားရတဲ့အမှုတွေပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရနိုင်တဲ့ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃ (၁) (ဂ)၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ (၅၅) တို့ အပါအဝင် အမှုစုစုပေါင်း ၁၁ မှုနဲ့ အရေးယူ ခံနေရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org