ဒေါ်အောင်ဆန်းစုကြည်အမှု ဒေါက်တာ ဇော်မြင့်မောင် လာရောက်ထွက်ဆိုဖို့ရှိ
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ- ၂၅ နဲ့ စွဲဆိုထားတဲ့အမှုအတွက် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ကို ဒေါ်အောင်ဆန်းစုကြည်ဘက်က သက်သေအဖြစ် ဒီနေ့ နေပြည်တော်အထူးတရားရုံးမှာ အမည် စာရင်းတင်သွင်းခဲ့ပါတယ်။
- 2021-11-09
-
-
-
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ- ၂၅ နဲ့ စွဲဆို ထားတဲ့အမှုအတွက် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို ဒေါ်အောင်ဆန်းစုကြည်ဘက်က သက်သေအဖြစ် ဒီနေ့ နေပြည်တော်အထူးတရားရုံးမှာ အမည်စာရင်းတင်သွင်းခဲ့ပါတယ်။
တရားသူကြီးကတော့ သူ့ကို နေပြည်တော်ထိ ခေါ်ယူထွက်ဆိုဖို့ ခက်ခဲတယ်လို့ မှတ်ချက်ပြုခဲ့ပေမယ့် သက်သေစာရင်းတင်တာကို လက်ခံခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
ဒီအမှုဟာ ပြီးခဲ့တဲ့ ၂၀၂၀ သြဂုတ်လက ဒေါ်အောင်ဆန်းစုကြည်ဟာ ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်ကို လာခဲ့စဉ်က လူစုလူဝေးဖြစ်ခဲ့တာဟာ ကိုဗစ်စည်းကမ်းနဲ့ မညီဘူးဆိုပြီး ပြီးခဲ့တဲ့ ဧပြီလ ၁၂ ရက်နေ့က ဗီဒီယို အွန်လိုင်းစနစ်နဲ့ ရုံးထုတ်စဉ်မှာ ထပ်တိုးခဲ့တဲ့အမှုဖြစ်ပါတယ်။
ဒီအမှုအတွက် လာမယ့် နိုဝင်ဘာလ ၁၆ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ထွက်ဆိုရမှာဖြစ်ပြီး နိုဝင်ဘာ ၂၃ ရက်နေ့မှာတော့ ဒေါက်တာဇော်မြင့်မောင်က တရားရုံးမှာ သက်သေထွက်ဆိုမယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒီအမှုကို လာမယ့် ဒီဇင်ဘာလ ၇ ရက်နေ့မှာ နှစ်ဖက်လုံးက အပြီးသတ်လျှောက်လဲချက်ပေးရမှာဖြစ်ပြီး ဒီဇင်ဘာ ၁၄ ရက်နေ့မှာတော့ အပြီးသတ်အမိန့်ချမယ်လို့လည်းဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရနိုင်တဲ့ အစိုးရလျှို့ဝှက်ချက်များအက်ဥပဒေပုဒ်မ ၃ (၁) (ဂ)၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ (၅၅) အပါအဝင် အမှုစုစုပေါင်း ၁၁ မှုနဲ့ အရေးယူခံနေရပါတယ်။