ရှမ်းပြည်ညီညွတ်ရေးကော်မတီ အစည်းအဝေး အစိုးရခွင့်ပြုတဲ့အထိ ကြိုးပမ်းမည်

အစိုးရက ကျင်းပခွင့် တားမြစ်ပိတ်ပင်ထားတဲ့ ရှမ်းပြည်ညီညွတ် ရေးကော်မတီ CSSU အစည်းအဝေး ပြုလုပ်ခွင့်ရဖို့အတွက် ဆက်လက်ကြိုးစားနေတယ်လို့ CSSU အလှည့်ကျ သဘာပတိ စိုင်းအိုက်ပေါင်းက ပြောပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ၂၀၁၇၊ မေလ ၄ ရက်နေ့က ကျင်းပတဲ့ CSSU နှစ်ပတ်လည် အစည်းအဝေးကို တွေ့ရစဉ်

အစိုးရက ကျင်းပခွင့် တားမြစ်ပိတ်ပင်ထားတဲ့ ရှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU အစည်းအဝေး ပြုလုပ်ခွင့် ရဖို့အတွက် ဆက်လက်ကြိုးစားနေတယ်လို့ CSSU အလှည့်ကျ သဘာပတိ စိုင်းအိုက်ပေါင်းက ပြောပါတယ်။

တားမြစ်ပိတ်ပင်ခံထားရတဲ့ CSSU အစည်းအဝေးကို ကျင်းပတော့မှာမဟုတ်ကြောင်း ပြည်တွင်းသတင်းမီဒီယာ တချို့ကို ပြောခဲ့တာနဲ့ ပတ်သက်ပြီး RFA က ကျားဖြူပါတီ ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းကို ဆက်သွယ်မေးမြန်းရာမှာ အခုလို ပြောလိုက်တာဖြစ်ပါတယ်။

သူ့အနေနဲ့ အစည်းအဝေးကို တားမြစ်ခံရတာတွေ များတာကြောင့် အဲဒီလိုထပ်မျိုး ထပ်မဖြစ်လိုကြောင်း၊ အစိုးရရဲ့ ခွင့်ပြုချက်ရမှပဲ လုပ်လိုကြောင်း စိုင်းအိုင်ပေါင်း က RFA ကို ဒီနေ့ ပြာပါတယ်။

"ကြိုးစားနေတယ်၊ အစိုးရခွင့်ပြုမှပဲလုပ်မှာပေါ့၊ အစိုးရဆိုတာ အာဏာရှိတဲ့ပုဂ္ဂိုလ်တွေလေ၊ အန်ကယ်ကခု CSSU ရဲ့ သဘာပတိဖြစ်နေတယ်လေ၊ အန်ကယ်က ဥပဒေဘောင်ထဲပဲလုပ်ချင်တယ်၊ သို့မဟုတ် မျက်နှာပူတယ်၊ ချင်းမိုင်မှာလည်း အတားခံရတယ်၊ Summit Parkview လည်း အတားခံရတယ်၊ Micasa လည်း အတားခံရ တယ်ဆိုတော့ မျက်နှာပူတာပေါ့၊ အဲလိုမျိုးမဖြစ်ချင်ဘူး၊ ကျနော်တို့ တိုင်းရင်းသားညီအစ်ကို အချင်းချင်းတွေက ဘာမှလည်း ပြဿနာမရှိဘူး၊ အမှန်က ခွင့်ပြုသင့်တယ်၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲလည်း တောင်ကြီးမှာ ခွင့်ပြုသင့်တယ်၊ ကျနော်တို့ CSSU လည်း တောင်ကြီးမှာ ခွင့်ပြုသင့်တယ်၊ ဒါမှ ယုံကြည်မှု တည်ဆောက်တာလေ"

အဲဒီအစည်းအဝေးကျင်းပခွင့်ရဖို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ထံ စာပေးပို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

NRPC ဘက်က အဲဒီအစည်းအဝေးကို ခွင့်မပြုတဲ့ အကြောင်းပြန်ကြားစာကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ကို ပေးပို့ခဲ့ပြီး သူ့ဆီကိုတော့ ဖုန်းနဲ့သာ အကြောင်းပြန်လာတာဖြစ်တယ်လို့ စိုင်းအိုင်ပေါင်း က ပြောပါတယ်။

CSSU အဖွဲ့မှာ NCA လက်မှတ်မထိုးထားတဲ့အဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပါဝင်နေတာကြောင့် အစိုးရက ခွင့်မပြုတာလို့ သိရကြောင်းလည်း ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ ရှမ်းပြည်ညီညွတ် ရေးကော်မတီ အစည်းအဝေးကို တောင်ကြီးမြို့မှာ ကျင်းပဖို့ စီစဉ်ထားပေမယ့် အစိုးရက ခွင့်မပြုတဲ့အတွက် ယာယီ ရွှေ့ဆိုင်းထားလိုက်ရတာ ဖြစ်ပါတယ်။

အလားတူ ၂၀၁၆ ခုနှစ်မှာ ရန်ကုန်မြို့နဲ့ ၂၀၁၇ မှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အစည်းအဝေး ကျင်းပဖို့ စီစဉ်ခဲ့စဉ်ကလည်း ပိတ်ပင်တားမြစ်ခံခဲ့ရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org