လက်နက်ကြီးအစမှန်လို့ သမီးလှကျေးရွာက ကလေးတစ်ဦး သေဆုံးမှု အရပ်ဘက်အဖွဲ့တွေ ကန့်ကွက်


2019.01.31
naingsoe-corpse-622.jpg လက်နက်ကြီးအစမှန်ပြီး သေဆုံးသွားတဲ့ ရသေ့တောင်မြို့နယ် သမီးလှကျေးရွာက အသက် ၇ နှစ်အရွယ် မောင်နိုင်စိုးရဲ့ ရုပ်အလောင်းကို ၂၀၁၉၊ ဇန်နဝါရီ ၂၉ ရက်နေ့က သယ်ဆောင်လာစဉ်
Photo: Min Thein Aung/RFA
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် သမီးလှကျေးရွာမှာ အစိုးရလုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် ကျည်ဆံ ထိမှန်ပြီး သေဆုံးခဲ့ရတဲ့ အသက် ၇ နှစ်အရွယ် မောင်နိုင်စိုးနဲ့ ပတ်သက်ပြီး ဝမ်းနည်းကြောင်းနဲ့ ဒီဖြစ်ရပ်အပေါ် ကန့်ကွက်ရှုတ်ချကြောင်း စစ်တွေမြို့အခြေစိုက် အရပ်ဘက်လူမှုအဖွဲ့တွေက မနေ့က ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

စစ်တွေမြို့ အခြေစိုက် ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့က ထုတ်ပြန်ချက်မှာ ဇန်နဝါရီလ ၂၆ ရက်နေ့က သမီးလှကျေးရွာအတွင်းမှာ အစိုးရတပ်မတော်က ကျေးရွာအတွင်းကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာ၊ တစ်အိမ်ဝင်တစ်အိမ်ထွက် ရှာဖွေရေးတွေလုပ်ပြီး ရွှေထည်ပစ္စည်းတွေနဲ့ ငွေတွေ၊ လက်ကိုင်ဖုန်းတွေ ယူဆောင်သွားတာတွေဟာ လူ့အခွင့်အရေးချိုးဖောက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

တဆက်တည်းမှာပဲ ရခိုင်အရပ်ဘက်လူမှုအဖွဲ့များကွန်ရက်ရဲ့ ထုတ်ပြန်ချက်မှာတော့ ရွာသူရွာသားတွေအပေါ် ဖမ်းဆီးရိုက်နှက်မှုတွေရှိခဲ့တဲ့အပေါ် ပြင်းထန်စွာရှုတ်ချကြောင်းဖော်ပြထားပါတယ်။

အလားတူ NCA လက်မှတ်ထိုးထားတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ရဲ့ ထုတ်ပြန်ချက်မှာလည်း စစ်ကြောင့်ဖြစ်ရတဲ့ဆိုးကျိုးတွေ ထပ်မံမဖြစ်စေဖို့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲပြီး တိုင်းပြည် ရဲ့ပြဿနာတွေကို စားပွဲဝိုင်းမှာအဖြေရှာကြဖို့ တိုက်တွန်းထားပါတယ်။

ကုလသမဂ္ဂအလေးများရန်ပုံငွေအဖွဲ့ Unicef Myanmar ကလည်း အဖွဲ့အသီးသီးအနေနဲ့ ပဋိပက္ခအတွင်း ပိတ်မိနေ တဲ့ ကလေးသူငယ်တွေအားလုံး ဘေးကင်းလုံခြုံမှုရရှိရေးနဲ့ ငြိမ်းချမ်းစွာနေထိုင်ရေးဆိုတဲ့ အခွင့်အရေးတွေကို ရရှိအောင်ကြိုးစားဆောင်ရွက်ပေးကြဖို့ ဒီနေ့တိုက်တွန်းလိုက်ပါတယ်။

စစ်တွေမြို့အခြေစိုက် ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ရဲ့ တာဝန်ခံ ဦးဇော်ဇော်မင်းက တပ်မတော်ဘက်က သမီးလှကျေးရွာအတွင်းမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကြေငြာစာတမ်း အပိုဒ်(၅)ကို ချိုးဖောက်ခဲ့တယ်လို့ပြောပါတယ်။

"ဒါကတော့ ပြစ်မှုဆိုင်ရာအရ ငြိစွန်းတယ်ပေါ့နော်။ လူ့အခွင့်အရေးကြေငြာစာတမ်းအပိုဒ်(၅)မှာလည်း မည်သူ့ကိုမှညှဉ်းပန်းနှိပ်စက်ခြင်း သို့မဟုတ် ရက်စက်ကြမ်းကြုတ်စွာ၊ လူမဆန်စွာ၊ ဂုဏ်ငယ်စေတဲ့ဆက်ဆံမှုကို မပြုလုပ်ရ။ သို့တည်းမဟုတ် အပြစ်ပေးခြင်းမပြုဆိုပြီးတော့ပါတယ်။ အခုက စစ်ဘေးမှာ ကလေးသူငယ်တွေ လက်နက်ကျည်ထိပြီးတော့ သေဆုံးမှုဖြစ်တာက ဒါတွေဟာ လူ့အခွင့်အရေးချိုးဖောက်ခံရတာလို့ ကျွန်တော်တို့က ရှုမြင်ပါတယ်"

စစ်တွေမြို့အခြေစိုက် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ဟာ စစ်တွေ၊ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော် စတဲ့ မြို့နယ် ၅ ခုက အဖွဲ့ဝင် ၁၈ ဦးနဲ့ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ခုဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၆ ရက်နေ့က ရသေ့တောင်မြို့နယ် သမီးလှကျေးရွာအနီးမှာ တပ်မတော်စစ်ကြောင်း မိုင်းခွဲတိုက်ခိုက်ခံရတဲ့ကိစ္စနဲ့ ပတ်သက်လို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ကျေးရွာအတွင်းကို ပစ်ခတ်မှုတွေပြု လုပ်ခဲ့တာပါ။

အဲဒီဖြစ်စဉ်အတွင်း အသက် ၇ နှစ်အရွယ် မောင်နိုင်စိုးအပါအဝင် လူ ၃ ဦး ကျည်ဒဏ်ရာတွေရခဲ့ပြီး ကျန် ၃ ဦးကတော့ ရိုက်နှက်စစ်ဆေးတာကို ခံခဲ့ရတယ်လို့ ရွာသားတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောဆိုထားပါတယ်။

အဲဒီအထဲက ဦးခေါင်းမှာဒဏ်ရာရခဲ့တဲ့ အသက် ၇ နှစ်အရွယ် မောင်နိုင်စိုးဟာ ဇန်နဝါရီလ ၂၈ ရက်နေ့က ရန်ကုန်ကို အရေးပေါ်ဆေးကုသဖို့ သွားရောက်စဉ် လမ်းမှာသေဆုံးခဲ့တာဖြစ်ပါတယ်။

အခုလိုအပြစ်မဲ့ကလေးငယ်တစ်ဦး သေဆုံးတဲ့ကိစ္စဟာ တပ်မတော်နဲ့ အစိုးရမှာ တာဝန်ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တပ်မတော်နဲ့ အစိုးရဘက်က ဖြေရှင်းဖို့ လိုအပ်တယ်လို့လည်း ရခိုင်အရပ်ဘက်လူမှု အဖွဲ့အစည်းများ ကွန်ရက်ရဲ့ စီမံခန့်ခွဲရေးအဖွဲ့ဝင် ဦးသန်းလှ ကပြောပါတယ်။

"တပ်မတော်ဘက်ကလည်း သူတို့လုပ်ခဲ့တာတွေအပေါ် ရွာသူရွာသားတွေကို တောင်းပန်ပြီးတော့ ယူသွားတဲ့ပစ္စည်းတွေကိုလည်း ပြန်ပေးစေချင်တယ်။ တကယ်လို့ အဲလိုမျိုးမလုပ်ဘူးဆိုရင်တော့ တပ်မတော်နဲ့ ပြည်သူတွေအချင်းချင်းကြားထဲမှာလည်း တစ်ဦးနဲ့တစ်ဦးယုံကြည်မှုတွေ အားနည်းပြီးတော့ အမုန်းတရားတွေ လွှမ်းမိုးသွားလိမ့်မယ်လို့ ကျွန်တော်တို့က မြင်ပါတယ်။ နောက်တဘက်မှာလည်း အစိုးရဘက်က တာဝန်ခံမှု တာဝန်ယူမှု အပြည့်အဝနဲ့လုပ်ဖို့လိုတယ်။ အဲလိုမျိုးသားမဟုတ်ဘူးဆိုရင်တော့ ရခိုင်ပြည်နယ်မှာ ပြည်နယ် အစိုးရဖြစ်ပြီးတော့ ပြည်သူအတွက်ကို တာဝန်ယူမှုတာဝန်ခံမှုမရှိတဲ့ အစိုးရတရပ်အနေနဲ့ ကျွန်တော်တို့ ပြည်သူရဲ့အမုန်းတရားတွေ၊ ပြည်သူရဲ့ယုံကြည်မှုတွေ ကင်းမဲ့တာမျိုးရှိနိုင်တယ်လို့ ကျွန်တော်တို့က သုံးသပ်တယ်ဗျ"

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP က ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့ ဒုတိယခေါင်းဆောင် ဒေါ်စောမြရာဇာလင်းကတော့ ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ စစ်ပွဲတွေရဲ့ နောက်ဆက်တွဲ အခြေအနေတွေဟာ စိုးရိမ်စရာဖြစ်လာနေတယ်လို့ ပြောပါတယ်။

"အမုန်းတရားတွေက အင်မတန်မှပွားလာကြတယ်။ ဒါဟာကောင်းတဲ့ လက္ခဏာမဟုတ်ဘူး။ နောက်ပြီးတော့ ပစ္စည်းပျောက်တဲ့အကြောင်းတွေကလည်း နောက်ဆက်တွဲ ပြောလာကြတာတွေ အများကြီးရှိတယ်။ တဘက်ကို တဘက်ပြောနေကြတယ်။ ဒါဟာဆိုလို့ရှိရင် ငြိမ်းချမ်းရေးဘက်ကို မဆောင်နိုင်တော့ဘူး။ တစ်ဦးကိုတစ်ဦး ပိုပြီးတော့ အမုန်းပွားလာတယ်။ နောက်ဆက်တွဲပြဿနာက ဒဏ်ရာရမှုတွေက တော်တော်များလာတယ်။ ဒါတွေဟာလည်း ကျွန်မတို့အတွက် အင်မတန်မှ စိုးရိမ်ဖွယ်ရာဖြစ်လာပါတယ်"

ငြိမ်းချမ်းရေးကို လိုအပ်တယ်ဆိုတာကို ဟန်ဆောင်မှုမပါဘဲ ထုတ်ဖော်ပြောဆိုကြဖို့လိုအပ်ပြီး ရက္ခိုင့်တပ်မတော် AA နဲ့ အစိုးရတဘက်ဘက်က ကမ်းလှမ်းမှုတွေလုပ်ဖို့ လိုအပ်တယ်လို့လည်း ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။

မနေ့ကထုတ်ပြန်ချက်တွေနဲ့ ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီက ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့ညနေ ၄ နာရီကျော်မှာ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။

ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့လိုက်တာပါ။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။