၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းကြောင်း CRPH ကြေညာ

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က အခုဧပြီလ ပထမ ပတ်အတွင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရကို ဖွဲ့စည်းမယ့်အချက်ပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပဋိဉာဏ်တစ်ရပ်ကို မနေ့က မတ်လ ၃၁ ရက်နေ့က ထုတ်ပြန်လိုက်သလို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း အပြီးသတ် ဖျက်သိမ်းလိုက်ကြောင်းလည်း ကြေညာပါတယ်။

CRPH က ၂၀၀၈ ဖွဲ့စည်းပုံကို ၂၀၂၁ မတ် ၃၁ ရက်နေ့က ပယ်ဖျက်ကြောင်း ကြေညာပြီးနောက် ဧပြီတစ်ရက်နေ့မှာ ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ်က ပြည်သူတချို့ ၂၀၀၈ စာအုပ်ကို မီးရှို့နေစဉ် Photo CJ

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က အခုဧပြီလ ပထမပတ်အတွင်းမှာ အမျိုးသား ညီညွတ်ရေး အစိုးရကို ဖွဲ့စည်းမယ့်အချက်ပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပဋိဉာဏ်တစ်ရပ်ကို မနေ့က မတ်လ ၃၁ ရက်နေ့က ထုတ်ပြန်လိုက်သလို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း အပြီးသတ် ဖျက်သိမ်းလိုက် ကြောင်းလည်း ကြေညာပါတယ်။

ဒီဖွဲ့စည်းပုံအခြေခံဥပဒေဟာ စစ်အာဏာရှင်ဝါဒ သက်ဆိုးရှည်စေဖို့ ရည်ရွယ်ရေးသားထားရုံသာမကဘဲ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေးမှာ အဟန့်အတားဖြစ်နေတယ်လို့ဆိုပါတယ်။

အာဏာရှင်စနစ်ပပျောက်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အပြီးသတ်ဖျက်သိမ်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး၊ ပြည်သူ့အစိုးရ ပေါ်ထွန်းရေး စတဲ့ရည်ရွယ်ချက်တွေနဲ့ ဆွေးနွေးဆုံးဖြတ် အတည်ပြုပြဋ္ဌာန်းခဲ့တဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်တစ်ရပ်လည်း ပေါ်ပေါက်လာပြီဖြစ်လို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အပြီးသတ်ဖျက်သိမ်းတာလို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ဒီကြေညာချက်ကို ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD က ထောက်ခံကြိုဆိုတယ်လို့ ပါတီရဲ့ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောပါတယ်။

“၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်သိမ်းတာကိုတော့ ကြိုဆိုရမှာပေ့ါနော်။ နားလည်ထားတာကတော့ စစ်အာဏာ သိမ်းလိုက်ကတည်းက ၂၀၀၈ ဖွဲ့စည်းပုံကမရှိတော့ဘူးပေါ့။ အခုမှထကြေညာတယ်ဆိုပေမယ့်လို့ ဘယ်လို ပဲဖြစ်ဖြစ် လုပ်သင့်လုပ်လိုက်တာကို လုပ်လိုက်တယ်လို့ပဲမြင်ပါတယ်။ ၂၀၀၈ ပျက်သွားရုံနဲ့ တိုင်းပြည်က ချက်ချင်းလက်ငင်းကြီး ကောင်းလာနိုင်စရာတော့ မရှိဘူးပေ့ါနော်။ ကျွန်တော်တို့ ရှေ့ဆက်ဘယ်လို လက် တွဲပြီးတော့မှ ဖယ်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးအတွက်ကို ဘယ်လောက်ထိ ကျွန်တော်တို့စိတ်နှစ်ပြီး လုပ်နိုင်မလဲ။ ဘယ်လောက်ထိ သဘောထားကြီးနိုင်မလဲ ဆိုတဲ့အပေါ်မှာမူတည်ပါတယ်။ ဒါပေမဲ့ ဘာပဲ ဖြစ်ဖြစ် ၂၀၀၈ ရှိနေတာထက်စာရင် မရှိတာကပိုကောင်းပါတယ်”

ရခိုင်ပြည်နယ်မှာ လူထုထောက်ခံမှု အများဆုံးရထားပြီး လက်ရှိစစ်ကောင်စီမှာ အဖွဲ့ဝင်အဖြစ် ပါဝင်ထားတဲ့ ရခိုင်အမျိုးသားပါတီ ANP ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မူအားဖြင့် မကြိုက်ဘူးလို့ ပြောပါတယ်။

ဒါပေမဲ့ ဒီဥပဒေကို ဖျက်သိမ်းတဲ့ကြေညာချက်ဟာ ဘယ်လောက်အထိ တရားဝင်သလဲဆိုတာ စဉ်းစားရမယ် လို့ ANP ပါတီရဲ့ ဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောပါတယ်။

“ဒီ ၂၀၀၈ အခြေခံဥပဒေက အစကတည်းက တိုင်းရင်းသားလူမျိုးတွေအတွက်တော့ အခွင့်အရေးရှိမှု အလွန်တရာနည်းတဲ့အတွက်ကြောင့် ကျွန်တော်တို့ကအစကတည်းက ဒီ၂၀၀၈ ဥပဒေကို ကြိုက်နှစ်သက် မှုမရှိခဲ့ဘူးလို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ ၂၀၀၈ ကို ဖျက်သိမ်းကြောင်းထုတ်ပြန်တဲ့ အဖွဲ့အစည်းရဲ့ တရား ဝင်မှုအပေါ်မှာတော့ အရေးကြီးမယ်လို့ ကျွန်တော်တို့ထင်တယ်။ ကျွန်တော်တို့ကတော့ ၂၀၀၈ အခြေခံ ဥပဒေဆိုတာကို ကျွန်တော်တို့က ဥပဒေအရသာလက်ခံလို့ နိုင်ငံရေးပါတီထောင်လာတာဖြစ်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ သဘောထားကိုပြောမယ်ဆိုလို့ရှိရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝကြိုက်နှစ်သက် မှုမရှိဘူး။ အဲဒီလို ကျွန်တော်တို့မှာ သဘောထားရှိပါတယ်”

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းကြောင်း ကြေညာချက်ဟာ ဥပဒေကိုရေးဆွဲအတည်ပြုခဲ့တဲ့ တပ်မတော်နဲ့ NLD ကိုကိုယ်စားပြုတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH တို့အကြား တင်းမာမှုတွေ ပိုများလာနိုင်တယ်လို့လည်း ဦးသာထွန်းလှက သုံးသပ်ပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ USDP ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်ကတော့ CRPH ရဲ့ကြေညာချက်ဟာ လက်တွေ့မကျဘူးလို့ ဝေဖန်ပါတယ်။

“ကြေညာချက်ကိုလည်း ကျွန်တော်တို့ဖတ်ရတာပေါ့။ တွေ့လည်းတွေ့လိုက်ရတယ်။ ဒါပေမဲ့ လက်တွေ့ မကျဘူးလို့ ကျွန်ုပ်အနေနဲ့ ပြောချင်တာပေါ့။ ကျွန်တော်တို့ တိုင်းပြည်မှာဖြစ်နေတဲ့ အခက်အခဲအကျပ် အတည်းတွေက ဒီလိုနည်းနဲ့ဖြေရှင်းလို့ မအောင်မြင်နိုင်ဘူးဆိုတာကို ကာယကံရှင်တွေလည်း သိလိမ့်မယ် လို့ ကျွန်တော်ထင်တယ်။ အရာမထင်နိုင်ဘူးပေါ့နော်။ ဖြစ်ပေါ်လာနိုင်တဲ့အကျိုးဆက်ကတော့ တိုင်းပြည် မငြိမ်မသက်မှုတွေနဲ့ ဆူပူမှုတွေနဲ့ အုပ်စုတွေကွဲပြီးတော့မှ ပြည်သူတွေနစ်နာမယ့်လမ်းကြောင်းမျိုးကိုပဲ ရောက်လာနိုင်ဖို့များတယ်။ ဆိုတဲ့အခါကျတော့ ပြည်သူတွေနစ်နာမှာကိုရွေးမယ့်အစား အရာမထင်တဲ့ လုပ်ငန်းတွေကို သုံးမယ့်အစား တွေ့ဆုံဆွေးနွေးပြီးတော့ အဖြေရှာချင်းအားဖြင့် တိုင်းပြည်နဲ့ပြည်သူ မနာတဲ့လမ်းကြောင်းကို ရွေးချယ်စေချင်တယ်။ စာရွက်ပေါ်မှာ တင်မဟုတ်ဘဲနဲ့ အမှန်တကယ် ပြည်သူ အတွက် အကျိုးရှိမယ့်လုပ်ရပ်မျိုးကို စဉ်းစားပြီး လုပ်ဖို့သင့်တယ်လို့ ကျွန်တော်ကဒီလိုမျိုးမြင်ပါတယ်”

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဥပဒေပညာရှင်ပေါင်း ၁၀၀ ကျော် ထောင်နဲ့ချီတဲ့အလွှာအသီးသီးက ကိုယ်စားလှယ်တွေနဲ့ ရေးဆွဲအတည်ပြုခဲ့တာကြောင့် တပ်မတော်တစ်ခုတည်းကပဲ ရေးဆွဲအတည်ပြုထားတာ လို့ မစွပ်စွဲသင့်ဘူးလို့ ဆိုပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပေါ်လာတဲ့ သမိုင်းကြောင်းကို သိဖို့လိုအပ်ပြီး နိုင်ငံသားတွေရဲ့ဆန္ဒနဲ့အညီ ဥပဒေပြင်ဆင်ရေးအတွက်ကိုလည်း အခွင့်အရေးပေးထားပြီးဖြစ်တာကြောင့် ဒါကိုဒီမိုကရေစီစံညွှန်းတွေနဲ့ မကိုက်ညီ၊ တပ်မတော်ကရေးဆွဲပြီး တပ်မတော်ကို အကာအကွယ်ပေးထားတယ်လို့ စွပ်စွဲပြောဆိုချက်တွေ ဟာလည်း လုံးဝလက်ခံသင့်တဲ့အကြောင်း မဟုတ်ဘူးလို့ ဒေါက်တာနန္ဒာလှမြင့်ကပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကနေ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ အနိုင်ရရှိခဲ့တဲ့ ပဲခူးတိုင်း၊ သနပ်ပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးကတော့ CRPH ဟာ ပြည်သူလူထု ထောက်ခံတဲ့အဖွဲ့ဖြစ်တာကြောင့် အာဏာရှင်စနစ်နဲ့ဆန့်ကျင်နေမှာပဲလို့ တုံ့ပြန်ပါတယ်။

“CRPH က ပြည်သူလူထုတင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့အစည်း ဖြစ်ပါတယ်။ ပြည်သူလူထုကို ကိုယ်စားပြုပြီးတော့ လုပ်နေတဲ့ဆောင်ရွက်ချက်တွေပဲဖြစ်ပါတယ်။ အာဏာ ရှင်စနစ်နဲ့တော့ ဆန့်ကျင်ဖက်ဖြစ်နေမှာပဲဖြစ်ပါတယ်။ အာဏာရှင်စနစ်ဆိုတာက ပြည်သူ့သဘောထားကို ဆန့်ကျင် ပြီးတော့ ငါတကောကောတဲ့ဝါဒဖြစ်တယ်။ ဒီလိုစနစ်နဲ့တော့ ဆန့်ကျင်နေမှာပဲဖြစ်တယ်။ ပြည်သူကလည်း ဒီလို ပြည်သူ့ကိုကိုယ်စားပြုပြီးတော့ ဒီမိုကရေစီနဲ့ ဖယ်ဒရယ်ကို ဖော်ဆောင်နေတဲ့ အဖွဲ့အစည်းကြီးဖြစ်လို့ ပြည်သူကနေ ရွေးချယ်ထားတဲ့အဖွဲ့ကြီးဖြစ်လို့ ပြည်သူတစ်ရပ်လုံးက CRPHကို လှိုက်လှိုက်လှဲလှဲ အားပေးနေတာပဲဖြစ်ပါတယ်”

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းကို ၂၀၀၈ ခုနှစ် မေလ ၁၀ ရက်နဲ့ ၂၄ ရက်တွေမှာ ပြည်လုံးကျွတ် ဆန္ဒပြခံယူပွဲကျင်းပပြီး မေလ ၂၉ ရက်နေ့မှာ အတည်ပြုပြဌာန်းကြောင်း နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ကြေညာခဲ့တာဖြစ်ပါတယ်။

လက်ရှိ နိုင်ငံတော်စစ်ကောင်စီက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကို မတရားအသင်း အဖြစ် မတ်လ ၂၁ ရက်နေ့က ကြေညာထားပါတယ်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ၊ အဲဒီကော်မတီနဲ့ ဆက်နွယ်နေသူတွေနဲ့ အဲဒီကော်မတီကနေ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေဟာ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ အများပြည်သူ တို့ရဲ့ အေးချမ်းသာယာရေးကို အနှောင့်အယှက်ဖြစ်စေတာကြောင့် မတရားအသင်းအဖြစ် ကြေညာလိုက် ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦး ကတော့ ၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်သိမ်းပြီးနောက် မကြာခင် ပေါ်ပေါက်လာမယ့် CRPH ဦးဆောင်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရဟာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင့်ဆန္ဒပြနေတဲ့ ပြည်သူတွေ၊ ရုံးမတက်ဘဲ အာဏာဖီဆန်ရေးလုပ်နေတဲ့ CDM ဝန်ထမ်းတွေနဲ့ KNU, KIA, RCSS, SSA စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စည်းတွေကပါ ထောက်ခံ နေတာကြောင့် ပြည်သူလူထုကို အမှန်တကယ်ကိုယ်စားပြုပြီးတော့ အများကြီး စွမ်းဆောင်နိုင်မယ်လို့ မျှော်လင့်တယ်လို့ ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org