မြစ်ကြီးနားမှာ ဆန္ဒပြကျောင်းဆရာတွေ ရိုက်နှက်ဖြိုခွင်းခံရ၊ တချို့ အဖမ်းခံရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဒီကနေ့မနက် ၈ နာရီခွဲလောက်က စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြကြဖို့ လူစုနေကြတဲ့အချိန်မှာ ဆရာ၊ ဆရာမတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဖြိုခွင်းလိုက်ကြပြီး ဆရာမ သုံးယောက်ထက်မနည်း အဖမ်းခံလိုက်ရပါတယ်။

ရဲကားနဲ့ စစ်ကားတွေ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ၂၀၂၁၊ ဖေဖော်ဝါရီ ၁၉ ရက်နေ့က ရပ်ထားစဉ်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဒီကနေ့မနက် ၈ နာရီခွဲလောက်က စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြ ကြဖို့ လူစုနေကြတဲ့အချိန်မှာ ဆရာ၊ ဆရာမတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဖြိုခွင်းလိုက်ကြပြီး ဆရာမ သုံးယောက်ထက်မနည်း အဖမ်းခံလိုက်ရပါတယ်။

လူစုနေတဲ့ ဆရာ၊ ဆရာမတွေကို စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဝါးရင်းတုတ်တွေနဲ့ ဝင်ရိုက်ပြီး ဖြိုခွင်းလိုက် တာလို့ ဆန္ဒပြဖို့ပြင်ဆင်နေတဲ့ ကျောင်းဆရာတစ်ဦးက ပြောပါတယ်။

ဆရာ၊ဆရာမတွေ အယောက် ၂၀ လောက် လူစုနေကြတဲ့အချိန်မှာ ဆရာမတွေကို ရိုက်နှက်ပြီး ဖမ်းခေါ် သွားတာလို့ ဆရာမတစ်ဦးကလည်း ပြောပါတယ်။

အလားတူ မြစ်ကြီးနားမြို့ ဈေး ၁ အနီး၊ နယူးလိုက်ဟိုတယ်လမ်းကြားမှာလည်း ဒီကနေ့မနက်က ဆန္ဒပြသူ အယောက် ၅၀ လောက်ကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဖြိုခွင်းလိုက်ပြီး ဆန္ဒပြသူ ၁၀ ယောက် ဖမ်းဆီး ခံခဲ့ရပါတယ်။

အဲဒီမှာသတင်းယူနေတဲ့ မီဒီယာသမားတွေနဲ့ ဖုန်းကင်မရာနဲ့ မှတ်တမ်းရိုက်ယူနေတဲ့သူတွေကိုလည်း စစ်သားတွေ၊ ရဲတွေက လေးဂွတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

ဆန္ဒပြသူတွေရဲ့ စုရပ်နေရာတွေနဲ့ လူစုလူဝေးဖြစ်တဲ့နေရာတွေမှာ စစ်သားနဲ့ ရဲတွေက လူစုခွဲဖမ်းဆီး တာတွေရှိနေတဲ့အတွက် အရင်နေ့တွေလို သောင်းနဲ့ချီဆန္ဒပြတာတွေတော့ မြစ်ကြီးနားမြို့မှာ ဒီကနေ့ မရှိခဲ့ပါဘူး။

မြန်မာနိုင်ငံအလယ်ပိုင်း မကွေးမြို့ ပြည်တော်သာလမ်းနဲ့ အဝေရာလမ်းထောင့်မှာလည်း ဒီကနေ့မနက်ပိုင်းက အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြသူအင်အား တစ်သိန်းနီးပါးလောက်နဲ့ သေနတ်တွေ၊ အကာအရံတွေ အပြည့်အစုံနဲ့ လုံခြုံရေးရဲတပ်ဖွဲ့ဝင်အင်အား ၅၀ ကျော်တို့ ထိပ်တိုက်တွေ့ဆုံခဲ့ကြပါတယ်။

နေ့လယ် ၁ နာရီလောက်မှာတော့ ဆန္ဒပြသူတွေ လူစုခွဲသွားပြီး ရဲတပ်ဖွဲ့ဝင်တွေလည်း နောက်ပြန်ဆုတ် သွားခဲ့ကြလို့ အေးအေးဆေးဆေးနဲ့ ပြီးဆုံးခဲ့ပါတယ်။

ရန်ကုန်၊ နေပြည်တော် နဲ့ မန္တလေးမြို့တို့မှာလည်း ဆန္ဒပြသူတွေ သိန်း၊ သန်းနဲ့ချီပြီး ဆက်လက်ဆန္ဒပြနေ ကြပါတယ်။ ရန်ကုန် ဆူးလေတဝိုက်မှာတော့ မနေ့က သန်းနဲ့ချီတဲ့ လူပင်လယ်ကြီးက ဆန္ဒပြခဲ့ကြပြီး ဒီကနေ့မနက်အစောပိုင်းကတည်းက ရဲတပ်ဖွဲ့ဝင်တွေ ဆူးလေစေတီတော်ပတ်လည်က လမ်းမတွေကို ပိတ်ဆို့နေရာယူထားပါတယ်။

ဆန္ဒပြသူတွေလည်း ဆူးလေဘက်ကိုမသွားကြတော့ဘဲ မြေနီကုန်း၊ လှည်းတန်းနဲ့ နိုင်ငံတကာသံရုံးတွေ ရှိတဲ့နေရာတွေမှာ ဆန္ဒပြကြပါတယ်။

မန္တလေးမြို့မှာ လက်နက်ကိုင်ဖြိုခွင်းခံရမှုတွေရှိခဲ့ပေမယ့်လည်း ဒီကနေ့ ဆန္ဒပြသူ သိန်းနဲ့ချီရှိခဲ့ပါတယ်။

စစ်အာဏာရှင်စနစ်ကို ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ မန္တလေးမြို့ခံ ဆန္ဒပြသူတစ်ဦးက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ဆန္ဒပြသူတွေကို မြို့ကြီးတချို့မှာ နေ့ဘက်ဖြိုခွင်းတာတွေရှိသလို ညဘက်တွေ မှာလည်း နေအိမ်တွေမှာ လိုက်လံဖမ်းဆီးတာတွေရှိနေပါတယ်။ ညတိုင်းလည်း အင်တာနက်ဖြတ်တောက်မှု တွေလုပ်နေပါတယ်။

စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ကြတဲ့ ပြည်သူတွေကတော့ ခုလိုဖမ်းဆီးတာတွေကြောင့် ကြောက်ရွံ့ထိတ်လန့် မသွားဘဲ လမ်းပေါ်ထွက်ဆန္ဒပြနေတာတွေ ညရှစ်နာရီ ပုံမှန် သံပုံးတီး ကန့်ကွက်ကြတာတွေက မြန်မာနိုင်ငံ တဝှမ်းမှာ နေ့စဉ်ဆက်တိုက်ဖြစ်နေပါတယ်။ ဒီအခြေအနေတွေကို ကမ္ဘာကသိနေပေမယ့်လည်း အစိုးရပိုင် ရုပ်မြင်သံကြားနဲ့ သတင်းစာတွေမှာတော့ မဖေါ်ပြပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org