ကိုဗစ်အတည်ပြုလူနာ စံချိန်တင် မြင့်တက်

2021.06.28
ကိုဗစ်အတည်ပြုလူနာ စံချိန်တင် မြင့်တက် လားရှိုးမြို့က ကိုဗစ်ရောဂါပိုးတွေ့သူတွေကို ထားမယ့် မိုးလုံလေလုံ အားကစားခန်းမ ယာယီဆေးရုံ အတွင်းပိုင်း မြင်ကွင်းကို ဇွန်လ ၂၅ ရက်နေ့က မြင်တွေ့ရစဉ်။
Photo: Citizen Journalist

မနေ့က ၂၄ နာရီအတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၂၂၅ ယောက် တွေ့တယ်လို့ စစ်ကောင်စီ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ဇွန်လ၂၈ရက် ညပိုင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ကိုဗစ်တတိယလှိုင်း ကာလအတွင်း အတည်ပြုလူနာသစ် မနေ့က အများဆုံး တွေ့ရှိခဲ့တာဖြစ်ပြီး ပိုးတွေ့နှုန်းလည်း အမြင့်ဆုံး စံချိန်တင်ခဲ့တာပါ။ သေဆုံးသူလည်း မနေ့က ၁၂ယောက်ထပ်တိုး လာလို့ သေဆုံးသူ စုစုပေါင်း ၃၃ဝ၉ ယောက်အထိ ရှိလာပါပြီ။

အခု ဇွန်လအတွင်းမှာပဲ ကူးစက်မှု ပိုမြန်ပြီး အသက်သေစေနိုင်တဲ့ မျိုးရိုးဗီဇကွဲ ကိုဗစ်ရောဂါပိုးတွေ မြန်မာနိုင်ငံမှာတွေ့တယ်လို့ ကျန်းမာရေးဌာနက ကြေညာခဲ့ပြီး ရောဂါကူးစက်မှုနဲ့ သေဆုံးမှုတွေ သိသိသာသာ မြင့်တက်လာနေတာပါ။ အခုဆို ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၁၅၄,၃၈၅ ယောက် ရှိသွားပါပြီ။

ကျန်းမာရေးဌာနရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ အတည်ပြုလူနာသစ်တွေ အများဆုံးတွေ့ရတာက စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းတွေမှာ ဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းတာကို မကျေနပ်လို့ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ကျန်းမာရေးလောကသားတွေ ထောင်နဲ့ချီ ပါဝင်နေပြီး စေတနာ့ဝန်ထမ်း ကျန်းမာရေး ကူညီနေသူတွေလည်း ခြိမ်းခြောက်ဖမ်းဆီးတာတွေ ခံနေရလို့ မြန်မာနိုင်ငံရဲ့ကျန်းမာရေးစနစ်က သိသိသာသာ ထိခိုက်ယိုယွင်းနေတဲ့အချိန်မှာ ကိုဗစ်ရောဂါ ဖြစ်ပွားမှုတွေ တကြိမ်ပြန်ပြီး မြင့်တက်လာနေတာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။