မြန်မာမှာ တရက်ထဲ ပိုးတွေ့အတည်ပြုလူနာ ၆၈ဝ ရှိ

2021.06.23
မြန်မာမှာ တရက်ထဲ ပိုးတွေ့အတည်ပြုလူနာ ၆၈ဝ ရှိ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ကိုဗစ်ပိုးကူးစက်ပြီး ကွယ်လွန်သွားသူတဦးကို ဇွန်လ ၂၃ ရက်နေ့က သဂြိုဟ်ရန် ပြင်ဆင်နေစဉ်။
Photo: Chin World

မနေ့က၂၄ နာရီအတွင်း ကိုဗစ်- ၁၉ အတည်ပြုလူနာ ၆၈ဝ တွေ့ရှိတယ်လို့ ဇွန်လ၂၃ရက် စစ်ကောင်စီ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ နောက်ဆုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၁၄၉၉၂၇ ယောက် ရှိသွားပါပြီ။ ကိုဗစ်ကြောင့် သေဆုံးသူလည်း နှစ်ယောက်ထပ်ပြီးတိုးလာလို့ သေဆုံးသူ စုစုပေါင်း ၃၂၆၉ယောက် ရှိသွားပါပြီ။

အခုရက်ပိုင်းတွေအတွင်း ကိုဗစ်ရောဂါဖြစ်ပွားမှုက မြန်မာနိုင်ငံအတွင်း သိသိသာသာမြင့်တက် လာနေတဲ့အပြင် ကူးစက်မှု ပိုမြန်ပြီး အသက်သေစေတဲ့အထိ အန္တရာယ်ပြင်းတဲ့ ဗီဇပြောင်းပိုးတွေလည်း တမျိုးထက်မက မြန်မာနိုင်ငံမှာ တွေ့ရှိထားလို့ ကျန်းမာရေးအထူးဂရုစိုက်ဖို့ သတိပေးချက်တွေလည်း ထွက်ပေါ်နေပါတယ်။

မြန်မာ့အိမ်နီးချင်းအိန္ဒိယနိုင်ငံမှာ ကိုဗစ်ကြောင့်သေဆုံးသူ လေးသိန်းနီးပါးရှိလာနေပြီး မြန်မာနိုင်ငံမှာမကြာခင်က စစ်ဆေးတွေ့ရှိတဲ့ အသွင်ပြောင်း Delta ပိုးဟာ အိန္ဒိယ မှာ လူတွေအများအပြားသေဆုံးစေတဲ့ ကိုဗစ်ရောဂါရဲ့ ဗီဇအသွင်ပြောင်းပိုး ဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းတာကို မကျေနပ်လို့ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ကျန်းမာရေး လောကသားတွေ ထောင်နဲ့ချီ ပါဝင်နေတာကြောင့် မြန်မာ့ကျန်းမာရေးစံနစ်က ယိုယွင်းပျက်စီးနေပါတယ်။ စေတနာ့ဝန်ထမ်း ကျန်းမာရေးအကူအညီ ပေးနေတဲ့အဖွဲ့တွေဟာလည်း စစ်ကောင်စီရဲ့ ခြိမ်းခြောက်မှု၊ ဖမ်းဆီး သတ်ဖြတ်မှုတွေခံနေရလို့ ကူညီမှုတွေ နည်းပါးနေတဲ့အချိန်မှာ ကိုဗစ်ရောဂါဖြစ်ပွားမှုက မြန်မာနိုင်ငံအတွင်း သိသိသာသာ ပြန်ပြီး မြင့်တက်လာနေတာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။