ဦးဝင်းချိုနဲ့ ကိုဝေဠုကို ထောင် တစ်လစီ လျှော့ပေး
2014.09.18

ပြီးခဲ့တဲ့ ဧပြီလက လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံတာ ကို ကန့်ကွက်ဆန္ဒပြခဲ့တဲ့အတွက် ထောင်ဒဏ် ၃ လစီ ချမှတ်ခံထားရတဲ့ ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက် က ကိုဝေဠု နဲ့ လယ်သမားအရေးဆောင်ရွက်သူ ဦးဝင်းချိုတို့ကို ဒီနေ့ ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးက ထောင်ဒဏ် ၁ လစီ လျှော့ပေးခဲ့ပါတယ်။
သူတို့နှစ်ဦးကို တရားမဝင် စီတန်းလှည့်လည်ခြင်း ဆိုင်ရာ ပုဒ်မ ၁၈ နဲ့ ကျောက်တံတားမြို့နယ် တရားရုံး က ထောင်ဒဏ် ၃ လစီ ချမှတ်ခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်က ဒီနေ့ ရုံးချိန်းအကြောင်း အခုလို ပြောပါတယ်။
"ဦးဝင်းချို သမီးလေးကို ဆွမ်းကျွေးတာ ၂၅ ရက် ၁ဝ လ ၂ဝ၁၄ ဆိုတော့ ရန်ကုန်အနောက်ပိုင်းခရိုင် တရားသူကြီးက အဲဒါလည်း မှီအောင်ဆိုတဲ့သဘောမျိုး နဲ့ ပြစ်ဒဏ်ကို တစ်လလျှော့လိုက်တယ်၊ ၃ လချတာက သြဂုတ်လ ၂၅ ရက်နေ့ကစပြီးတော့ အစိုးရချတာကို တစ်လလျှော့လိုက်တော့ တွက်တဲ့အခါမှာလည်း နှစ်လကို အဲဒီ့အတိုင်းတွက်ရမှာပဲ"
ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်နေ့က ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ဦးဝင်းချိုနဲ့ ကိုဝေဠုတို့က ဦးဆောင်ပြီး လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံတဲ့အပေါ် ကန့်ကွက်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
တရားမဝင် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ နဲ့ ထောင်ချခံနေရသူတွေထဲက ပြစ်ဒဏ်လျှော့ပေးဖို့ အယူခံတွေဝင်တဲ့အပေါ် ထောင်ဒဏ်လျှော့ချပေးတာ ဒါပထမဆုံးအကြိမ် ဖြစ်ပါတယ်။