အာဏာသိမ်းပြီးနောက် မီးရှို့ခံရတဲ့နေအိမ် ရှစ်သောင်းနီးပါးရှိလာ
2023.12.14

မြန်မာစစ်တပ်နဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေက ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၃၀ ရက်နေ့ အထိ အရပ်သားနေအိမ် ရှစ်သောင်းနီးပါး (၇၇,၂၇၄ လုံး) ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့ တစ်ခုဖြစ်တဲ့ Data For Myanmar အဖွဲ့က ဒီဇင်ဘာ ၁၃ ရက်မနေ့က ထုတ်ပြန်ပါတယ်။
နေအိမ်မီးရှို့ဖျက်ဆီးခံရမှု ဖြစ်ရပ်တွေဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကစတင်ပြီး ကျဆင်းလာတယ်လို့လည်း ဆိုပါတယ်။
Data For Myanmarရဲ့ စာရင်းတွေအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က ၂၀၂၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့ ထိ ခုခံစစ်တွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းက နေအိမ် ၅၇,၅၀၃ လုံးနဲ့ အများဆုံး မီးရှို့ဖျက်ဆီးခံခဲ့ရတာပါ။
၂၀၂၃ ခုနှစ်ကစတင်ပြီး အရပ်သားနေအိမ်တွေ မီးရှို့ခံရတဲ့ဖြစ်ရပ် ကျဆင်းလာတာဟာ စစ်တပ်က စစ်ရေးအရ အရေးနိမ့်လာတာကြောင့်လို့ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“သူတို့က စစ်ကြောင်းထိုးတိုင်း ကျဆုံးမှုတွေများလာတာရယ်၊ နယ်မြေစိုးမိုးမှုတွေ လျော့လာပြီးတော့ အထိုင်စခန်းတွေကိုပဲ ဦးစားပေးတည်ဆောက်နေရတာကြောင့်လို့ ယူဆရပါတယ်။ စစ်ရေးအရ အရေး နိမ့်လာတာပေါ့”
စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့အထိ စစ်တပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေဟာ အရပ်သားနေအိမ် ခုနစ် သောင်းခွဲနီးပါး (၇၄,ဂ၇၄ လုံး) ကို မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ Data For Myanmar က အခုနှစ် ဩဂုတ်လ ၉ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဒါကြောင့် Data For Myanmar ရဲ့ စာရင်းတွေအရ အခုနှစ် ဇူလိုင် ၃၁ ရက်နေ့က နိုဝင်ဘာ ၃၀ ရက်နေ့အထိ လေးလအတွင်း အရပ်သားနေအိမ် ၂၄၀၀ ထပ်မံမီးရှို့ဖျက်ဆီးခံခဲ့ရ ပါတယ်။
စစ်ကောင်စီကတော့ သူတို့တပ်တွေအနေနဲ့ အရပ်သားတွေရဲ့ နေအိမ်တွေကို ဘယ်လိုနည်းနဲ့မှ မီးရှို့စရာ အကြောင်းမရှိဘူးလို့ တုံ့ပြန်ပြောဆိုထားပါတယ်။