ကြေးနီတောင်စီမံကိန်းဒေသက မူလတန်းကျောင်းသူ ကျောင်းသားတွေ ဆန္ဒပြ
2012.10.14
ဝက်မှေးရွာ၊ ဆည်တဲရွာ၊ တုန်အလယ်ရွာ၊ တုန်ရွာသစ်၊ တုန်ရွာမ၊ ဇီးတော စတဲ့ကျေးရွာတွေက မူလတန်းကျောင်းသားတွေဟာ စာသင်ကျောင်းတွေ ပြန်ဖွင့်ပေးဖို့ကို အခုလို ကြွေးကြော် ဆန္ဒပြခဲ့ကြပါတယ်။
" ဖိုးဖိုး ဦးသိန်းစိန် ကယ်ပါ။ ကယ်ပါ။ ကယ်ပါ။ ဖွားဖွား ဒေါ်အောင်ဆန်းစုကြည် ကယ်ပါ။ ကယ်ပါ။ ကယ်ပါ။ သားတို့ကျောင်း အမြန်ဆုံး ဖွင့်ပေးပါ။ ဖွင့်ပေးပါ။ ဖွင့်ပေးပါ။ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး။ တို့ အရေး။ တို့ အရေး။ တို့ အရေး။ "
မူလတန်းကျောင်းတချို့ကို ပြီးခဲ့တဲ့နှစ်အတွင်းက စာသင်ခွင့် မပေးဘဲ ပိတ်ပင်ထားတာဖြစ်ပြီး စာသင်ခွင့် ပြန်ရဖို့ အခုလို ဆန္ဒပြတောင်းဆိုတာလို့ ဝက်မှေးရွာမှ စတုတ္ထတန်း ကျောင်းသူ တစ်ဦးက RFAကို ပြောပါတယ်။
" သမီးတို့ ကျောင်းကို ပိတ်ထားတဲ့အတွက် အမြန်ဆုံး ဖွင့်လှစ်ပေးရန် ဆန္ဒပြတာပါ။ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကြောင့် ပိတ်ထားတာပါ။ ဖိုးဖိုး ဦးသိန်းစိန်နဲ့ ဖွားဖွား ဒေါ်အောင်ဆန်းစုကြည်တို့ကို ကျောင်းဖွင့်ပေးစေရန် အဓိကထားပြီးပြောထားပါ။ "
စာသင်ကျောင်း ပြန်ဖွင့်ဖို့ ဆန္ဒပြတောင်းဆိုပွဲဟာ ဒီဒေသမှာ ပထမဦးဆုံးအကြိမ် ပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။