ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ တင်ပြချက်ကို ခုံရုံးပယ်ချ
2019.07.25
ပြည်ထောင်စုလွှတ်တော်မှာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းလုပ်ဆောင်နေတာဟာ အခြေခံဥပဒေပြဌာန်းချက်တွေနဲ့ ညီ မညီ အဓိပ္ပာယ်ဖွင့်ဆိုပေးဖို့ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီက တင်ပြထားတာကို အခြေခံဥပဒေခုံရုံးက ဒီနေ့ ပယ်ချလိုက်ပါတယ်။
ဒါ့အပြင် တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေ ခန့်အပ်ရေးနဲ့ သက်ဆိုင်တဲ့ ပုဒ်မ ၂၆၁ ပြင်ဆင်ရေး လွှတ်တော်မှာ သီးခြားဆွေးနွေးခွင့်မရတဲ့အတွက် အခြေခံဥပဒေပြဌာန်းချက်တွေကို အဓိပ္ပာယ်ဖွင့်ဆိုပေးဖို့ လျှောက်ထားချက် ကိုလည်း ပယ်ချလိုက်ပါတယ်။
ကော်မတီ ဖွဲ့စည်းဆောင်ရွက်တာ ဖွဲ့စည်းပုံနဲ့ ညီ မညီ အဓိပ္ပာယ်ဖွင့်ဆိုခိုင်းတာနဲ့ ပတ်သက်လို့ ခုံရုံးရဲ့ ဆုံးဖြတ် ချက်ကတော့- ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဟာ အတည်ပြုပြီး ဥပဒေတွေကိုသာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီ၊ မညီ အဓိပ္ပာယ်ဖွင့်ဆိုရတာဖြစ်ကြောင်း၊ အခုကိစ္စဟာ ခုံရုံးဆုံးဖြတ်ပိုင်ခွင့်မရှိတဲ့ကိစ္စဖြစ်တယ်ဆိုပြီး ပယ်ချလိုက် တာပါ။
လက်ရှိ ဖွဲ့စည်းပုံပါ ပုဒ်မ ၄၃၃၊ ၄၃၄၊ ၄၃၅ တို့ အရ ဖွဲ့စည်းပုံပြင်ဆင်တဲ့ ဥပဒေမူကြမ်းကို လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်းနဲ့ တင်ပြလာရင် ပြည်ထောင်စုလွှတ်တော်က လက်ခံဆွေးနွေးရမယ်လို့ ပြဌာန်းထား တာဖြစ်ပါတယ်။
ဒါကြောင့် ပုဒ်မ ၂၆၁ ပါ ပြင်ဆင်ချက်ဥပဒေမူကြမ်းကို လွှတ်တော်ထဲမှာ သီးခြားဆွေးနွေးခွင့် မရတာနဲ့ပတ်သက်လို့ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီက လွှတ်တော်ရဲ့လုပ်ဆောင်ချက်ဟာ ဖွဲ့စည်းပုံနဲ့ ညီမညီ အဆုံးအဖြတ်ရယူရာမှာ- ဒီကိစ္စကို ခုံရုံးမှာ လာရောက်လျှောက်လဲတဲ့ ပြည်ထောင်စုရှေ့နေချုပ်ရုံးက ပုဒ်မ ၄၃၃ ၊ ၄၃၄နဲ့ ၄၃၅ တို့ဟာ လုပ်ထုံးလုပ် နည်းတွေ ဖြစ်တဲ့အတွက် ဒီအပေါ်မှာ ထပ်မံအဓိပ္ပါယ်ဖွင့်ဆိုစရာမရှိကြောင်းနဲ့ ဒါဟာ ပုဒ်မ ၃၂၂ ပါ ဖွဲ့စည်းပုံခုံရုံး လုပ်ငန်းတာဝန်တွေနဲ့ အကျုံးမဝင်ကြောင်း တင်ပြခဲ့တာဖြစ်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူ ဒါမှမဟုတ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းရဲ့ ၁၀ ရာခိုင်နှုန်းက ခုံရုံကို တင်သွင်းခွင့်ရှိပေမယ့် ခုံရုံးရဲ့ အဆုံးအဖြတ်က အပြီးအပြတ် အတည်ဖြစ်တယ်လို့ ပြဌာန်းထားတာဖြစ်ပါတယ်။
(RFA သတင်းထောက် ကိုသီဟထွန်းနဲ့ ကိုဝင်းကိုကိုလတ် ပေးပို့သည်)