၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ်ကို သင့်တော်တဲ့ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းဖို့ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အားလုံး မတ်တပ်ရပ် ကန့်ကွက်ပေမယ့် မဲခွဲပြီး ဆက်လက်ဆွေးနွေးဖို့ ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။
NLD ပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးလုပ်ငန်းတွေကို ဆောလျင်စွာဆောင်ရွက်နိုင်ရေးအတွက် ကော်မတီတစ်ရပ်ဖွဲ့စည်းဖို့ ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းလိုက်တာဖြစ်ပါတယ်။
တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က ဖွဲ့စည်းပုံပြင်ဆင်ရေးကို ကန့်ကွက်တာမဟုတ်ဘဲ ပြင်ဆင်ဖို့အတွက် အရေးကြီးအဆို တင်သွင်းလာတာဟာ ပြည်ထောင်စုလွှတ်တော်ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ မညီဘဲ လက်တလုံးခြားလုပ်တယ်လို့ ယူဆကြောင်း ပြောပြီး ကန့်ကွက်တာပါ။
ဒါကြောင့် လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာ မဲပေးခွင့်ရှိသူ ၆၀၁ ဦးမှာ ထောက်ခံသူ ၄၀၀ နီးပါးနဲ့ ကန့်ကွက်သူ ၁၇ ဦးသာရှိပြီး ကိုယ်စားလှယ် ၂၀၀ နီးပါး မဲမပေးတာကို တေ့ွရပါတယ်။
ဦးအောင်ကြည်ညွန့်ရဲ့အဆိုအရ ပြင်ဆင်ရေး ပူးပေါင်းကော်မတီမှာ ပါတီပေါင်းစုံက လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်နိုင်မှာဖြစ်ပါတယ်။
တပ်မတော်သားတွေရဲ့ သဘောထားကို တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ် မောင်မောင်က အခုလိုပြောပါတယ်။
"ဒီအဆိုနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့က သဘောမတူဘူးလေ။ သဘောမတူတော့ ကျနော်တို့က ဒီအဆိုကို ဆက်လုပ် မလုပ်လည်း စဉ်းစားရမှာပေါ့၊ ပြန်ပီးတော့ စဉ်းစားဆွေးနွေးရဦးမှာပေါ့ ၊ ကျနော်တို့ တပ်မတော်သား ကိုယ်စားလှယ်တွေ၊ အဲဒီအတွက်ကို ဒီဟာကို ပါဝင်ဆွေးနွေးဖို့ ပါဝင်လုပ်ဆောင်ဖို့ ဝိုင်းဝန်းစဉ်းစား အဖြေရှာရဦးမှာပေါ့။"
အခုလိုဖွဲ့စည်းပုံပြင်ဆင်ရေး လုပ်ဆောင်ရင် တိုင်းပြည် အကျပ်အတည်းဖြစ်လာနိုင်လားဆိုတဲ့ သတင်းထောက်တဦးရဲ့ မေးမြန်းမှုကိုတော့ အဲဒီလောက်အထိ မခန့်မှန်းနိုင်သေးဘူးလို့ ဗိုလ်မှူးချုပ်မောင်မောင်က ပြောပါတယ်။
လက်ရှိ ကျင်းပနေတဲ့ ၂၁ ပင်လုံညီလာမှာ ချမှတ်ထားတဲ့ ဒီမိုကရေစီနဲ့ ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေး၊ မကြာသေးခင်က မြို့နယ်အချို့မှာ ပေါ်ပေါက်လာတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးလှုပ်ရှားမှုတွေကြောင့် အခုလို အဆိုတင်သွင်းတာလို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့် က ပြောပါတယ်။
ဒါ့အပြင် ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီတဲ့ ပြဌာန်းချက်တွေ၊ မဏ္ဍိုင်သုံးရပ်အကြား တဖက်စောင်းနင်းဖြစ်စေတဲ့ ပြဌာန်းချက်တွေလည်း ရှိနေတာကြောင့် ပြန်လည်ပြင်ဆင်နိုင်ဖို့ ရည်ရွယ်တယ်လို့လည်း ရှင်းလင်းတင်ပြခဲ့ပါတယ်။
"ကျနော် ဒီကနေ့တင်ပြတဲ့ ဥပဒေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်တဲ့ ဥပဒေကြမ်းကို တင်သွင်းနေတာ မဟုတ်ပါဘူး ။ ဒီလိုဖွဲ့စည်းပုံ အခြေခံ ဥပဒေကြမ်းကို စနစ်တကျနဲ့ လျင်လျင်မြန်မြန် စောလျင်စွာ အကောင်အထည်ဖော်နိုင်ဖို့ အင်မတန်မှ စနစ်ကျပြီးတော့ ပွင့်လင်းမြင်သာစွာနဲ့ တာဝန်ကျေပွန်အောင် ထမ်းဆောင်နိုင်မယ့် ကော်မတီ တစ်ရပ်ကို တော့ ဖြင့် ကျနော်တို့ ပြည်ထောင်စု လွှတ်တော်ကြီးက အရေးတကြီးဖွဲ့စည်းဖို့ လိုအပ်နေပြီဖြစ်တဲ့အတွက် တင်ပြရခြင်းဖြစ်ပါတယ်။"
ဦးအောင်ကြည်ညွန့် တင်ပြခဲ့တာကိုကြားခဲ့ရတာပါ။
သူရဲ့အဆိုဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း အခန်း ၁၂ ပါ ပုဒ်မတွေနဲ့ သက်ဆိုင်ခြင်းမရှိဘူးလို့လည်း ပြောပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း အခန်း ၁၂ မှာ ဖွဲ့စည်းပုံကိုပြင်ဆင်လိုတဲ့ ကိုယ်စားလှယ်ဟာ ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းရဲ့ အတည်ပြုချက်နဲ့ ပြင်ဆင်တဲ့အဆိုကို အခြားအဆိုတွေမပါဝင်ဘဲ ပြည်ထောင်စုလွှတ်တော်ကို ဥပဒေကြမ်းအဖြစ်တင်သွင်းရမယ်လို့ ဖော်ပြထားတာပါ။
ဦးအောင်ကြည်ညွန့်ရဲ့ အဆိုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တဦးက ထောက်ခံဆွေးနွေးအပြီးမှာ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က အခုလိုဆောင်ရွက်တာဟာ ဥပဒေကို လက်တလုံးခြားလုပ်တယ်ဆိုပြီး ကန့်ကွက်ခဲ့ပါတယ်။
"နိုင်ငံတော် ရဲ့ ဥပဒေပြုရေး တာဝန်ကို အဓိက လုပ်ဆောင်နေတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေဟာ မိမိရဲ့ လုပ်ဆောင်ချက်တွေကို ဥပဒေနဲ့အညီ ဆောင်ရွက်နိုင်ဖို့ အတွက်ကို များစွာ အရေးကြီးပါတယ်။ ဥပဒေကို ကျော်လွန်လုပ်ဆောင်တာ ဥပဒေကို လက်တစ်လုံးခြား လုပ်ပြီးတော့မှ လုပ်ဆာင်နေတယ်ဆိုလို့ရှိရင် ( နိဂုံးချုပ်ပါ ၊ နိဂုံးချုပ်ပါ လို့ ပြည်ထောင်စု လွှတ်တော် နာယက က ကြားဖြတ် သတိပေး ) ပေါ်ထွက်လာမယ့် အကျိုး ရလဒ်တွေဟာလဲ မှန်ကန်ကောင်းမွန်မှာ မဟုတ်တဲ့အတွက် အဂတိတရားတွေနဲ့ မကင်းတဲ့ အကျိုး ရလဒ်တွေဖြစ်မှာပါ။ ဒါကြောင့် ကျနော်တို့ကတော့ လုပ်ထုံး လုပ်နည်းနဲ့ အညီသာ ဆောင်ရွက်သင့်ပါတယ်။ လုပ်ထုံးလုပ်နည်းကို ကျော်လွန်ပြီး မလုပ်သင့်ပါကြောင်း တင်ပြအပ်ပါတယ်။"
ဒါ့အပြင် တပ်မတော်အနေနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ကန့်ကွက်နေတာမဟုတ်ကြောင်း၊ လုပ်ထုံးလုပ်နည်းတွေနဲ့ မညီလို့ ကန့်ကွက်တာဖြစ်ကြောင်း ပြောခဲ့ပါတယ်။
လက်တလုံးခြားလုပ်တယ် ဆိုတဲ့ စကားကို လေးလေးနက်နက်ကန့်ကွက်တယ်ဆိုပြီး ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ပြောကြားခဲ့ပေမယ့် တပ်မတော်သားကိုယ်စားလှယ်တွေက မဲမပေးဘဲ မတ်တပ်ရပ်ဆန္ဒပြခဲ့ပါတယ်။
အဲဒီနောက် အဆိုကို မဲခွဲဆုံးဖြတ်ရာမှာ မဲပေးခွင့်ရှိသူ ၆၀၁ ဦးအနက်၊ ထောက်ခံမဲ ၃၉၄ မဲ၊ ကန့်ကွက်မဲ ၁၇ မဲနဲ့ ထောက်ခံသူဟာ ကိုယ်စားလှယ် သုံးပုံတပုံထက် ကျော်လွန်နေတဲ့အတွက် အဆိုကို အတည်ပြုလိုက်ပါတယ်။
မဲမပေးသူ ၁၈၇ ဦးရှိတဲ့အတွက် တပ်မတော်သားကိုယ်စားလှယ် ၁၆၆ ဦးနဲ့ အခြားကိုယ်စားလှယ် ၂၁ ဦး မဲမပေးခဲ့တာတွေ့ရပါတယ်။
ဖွဲ့စည်းပုံပြင်ဆင်ရေးရှေ့ဆက်လို့ရပါ့မလားဆိုတဲ့ သတင်းထောက်တဦးရဲ့မေးခွန်းကို ရခိုင်အမျိုးသားပါတီက မြောက်ဦးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောက အခုလိုပြောပါတယ်။
"ကျနော်ကတော့ ရနိုင်တယ်လို့မြင်ပါတယ်၊ ခုနကပြောသလို တစ်ခုလုံးပြင်မှာမဟုတ်ဘူးလေ အခုက ပြဿနာက ဘယ်ဥပဒေပုဒ်မကို ပြင်မလည်း ဥပမာ ကာချုပ်ရဲ့မိန့်ခွန်းမှာလည်းပါတယ် ၂၆၁ ပြင်ဖို့ဆိုတာ သူက လမ်းကြောင်းပေးထားတာပဲ အဓိကက အညှာကိုကိုင်ပြီးပြင်မှာလား အသေးအမွှားလေးတွေ နှစ်ဦးနှစ်ဖက် လက်ခံနိုင်တာကို ပြင်မှာလားဆိုတာ မရေရာဘူးဖြစ်နေတယ်လေ၊ အဲဒါပြေလည်သွားရင်တော့ ဒါက အသေးအမွှားကိစ္စပါ"
ပြီးခဲ့တဲ့အစိုးရလက်ထက်မှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ကြိုးစားခဲ့ပေမယ့် ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေရဲ့ ဥပဒေပြုခွင့်နဲ့ပတ်သက်တဲ့ ပြဌာန်းချက်အချို့သာ ပြင်ဆင်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။
ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးလုပ်ဆောင်မယ်လို့ ကြွေးကြော်ထားတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်မှာ ကျန်တဲ့လွှတ်တော်သက်တမ်းအတွင်း ဘယ်လောက်ပြင်ဆင်နိုင်မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။