ခြေဥ ပြင်ဆင်ရေး ဥပဒေကြမ်း လွှတ်တော်ကို အမြန်ဆုံးတင်ဖို့ ဆွေးနွေး


2019.08.26
lwinmaungsoe-622.jpg တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူး လွင်မောင်စိုး ၂၀၁၉၊ သြဂုတ် ၂၆ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးစဉ်
Photo: Pyidaungsu Hluttaw

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဒေါက်တာ မောင်သင်း တင်သွင်းတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို သီးခြားဆွေးနွေးဖို့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေက ဒီနေ့ဆွေးနွေးခဲ့ပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက တင်သွင်းတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ အစီရင်ခံစာကို ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ် ၁၁ ဦးက ဆွေးနွေးရာမှာ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူး လွင်မောင်စိုးက ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူး လွင်မောင်စိုးက ဥပဒေကြမ်းကို လွှတ်တော်မှာ သီးခြားဆွေးနွေးခွင့်မရဘဲ ပြင်ဆင်ရေးပူးပေါင်းကော်မတီမှာ တစ်ပေါင်းတည်း ဆွေးနွေးဖို့ စီစဉ်တာဟာ ဥပဒေကို လိုသလို သုံးတဲ့ သဘောဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း ၁၂ ပါ ပြဌာန်းချက်တွေနဲ့ မညီဘူးလို့ ထောက်ပြဆွေးနွေးခဲ့ပါတယ်။

ဒေါက်တာ မောင်သင်းက သမ္မတရဲ့ လုပ်ပိုင်ခွင့်နဲ့ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ရဲ့လုပ်ပိုင်ခွင့်ကို လျှော့ချတဲ့ ပုဒ်မ လေးခုကို ပြင်ဆင်ဖို့ ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းထားတာဖြစ်ပါတယ်။

ဒီပုဒ်မကို ပြင်ဆင်တာဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အရင်က တင်သွင်းထားတဲ့ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေကို သက်ဆိုင်ရာ လွှတ်တော်တွေက ခန့်အပ်တာနဲ့ဆိုင်တဲ့ ပုဒ်မ ၂၆၁ ကိုပြင်ဆင်တာနဲ့ ဆက်စပ်တယ်လို့ ဒေါက်တာ မောင်သင်းက ပြောထားပါတယ်။

မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းကတော့ ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ တိုင်းပြည်အတွက် အလွန်အရေးကြီးနေပြီဖြစ်လို့ အငြင်းပွား အချိန်ဖြုန်းမနေဘဲ ညှိနှိုှုင်းလို့မရရင် လွှတ်တော်ကို ဥပဒေကြမ်းတစ်ရပ် အမြန်ဆုံးရောက်ဖို့ ဆောင်ရွက်သင့်ကြောင်း ဒီနေ့ဆွေးနွေးခဲ့ပါတယ်။

လာမယ့် သြဂုတ်လ ၂၈ ရက်နေ့မှာ ကျန်ရှိတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက ဖွဲ့စည်းပုံပြင်ဆင်ရေး သီးသန့်ဆွေးနွေးမလား၊ တစ်ပေါင်းတည်း ဆောင်ရွက်မလားဆိုတာကို ထပ်မံ ဆွေးနွေးကြမှာဖြစ်ပါတယ်။

(RFA သတင်းထောက် ကိုသီဟထွန်း ပေးပို့သည်)
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။