၅၉ (စ)ကို မပြင်ဖို့ လူထုထောက်ခံပွဲပြုလုပ်


2016.02.28
naymyowai-620.jpg ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန် အားကစားကွင်းမှာ ဖေဖေယ်ဝါရီလ ၂၈ ရက်နေ့က ပုဒ်မ ၅၉ ဆက်လက်တည်ရှိရေး ကိုနေမျိုးဝေ ဟောပြောနေစဉ်
Photo:Aung Thain Kha/RFA

နိုင်ငံတော်သမ္မတဖြစ်ခွင့်ကို ကန့်သတ်ထားတဲ့ အခြေခံဥပဒေ ပုဒ်မ ၅၉ (စ)ကို ပြင်မယ်ဆိုရင် စစ်တပ်နဲ့ ပူးပေါင်းသွားမယ်လို့ ကြေညာလိုက်ကြောင်း မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ကိုနေမျိုးဝေ က ပြောပါတယ်။

အခြေခံ ဥပဒေ ပုဒ်မ ၅၉ ဆက်လက်တည်ရှိရေး ထောက်ခံဟောပြောပွဲကို ဒီနေ့ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန် အားကစားကွင်းမှာ ကျင်းပစဉ် ကိုနေမျိုးဝေက လက်ရှိနိုင်ငံရေး အခြေအနေအကြောင်း ဟောပြော ရင်းထည့်သွင်း ပြောခဲ့တာဖြစ်ပါတယ်။

"ဦးရွှေမန်းက လွှတ်တော်ဥက္ကဌ လွှတ်တော်နာယကနေနဲ့ တာဝန်ထမ်းဆောင်ခဲ့တယ်၊ ဦးရွှေမန်းနဲ့ ဦးသိန်းစိန် အစိုးရနဲ့ ဖွဲ့စည်းပုံအခြေခံဆိုင်ရာခုံရုံးနဲ့ ပဋိပက္ခတွေဖြစ်ကြတယ်၊ စစ်သားတွေအချင်းချင်း စစ်သားလူထွက် အချင်းချင်း ပါဝါတွေပြိုင်ကြတယ်၊ အဲ့လိုပဲ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လွှတ်တော်ထဲမှာ သူ့ရဲ့သြဇာကိုခံမယ့် သူ့ကိုချစ်တဲ့၊ မြတ်နိုးတဲ့ လွှတ်တော်အမတ်တွေ ရှိနေတဲ့အချိန်မှာ လွှတ်တော်နာယကလိုနေရာမျိုးကို ဝင်ထိုင်ပြီးသကာလ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ်တဲ့ သမ္မတ တစ်ယောက်ကိုတင်ပြီးတော့ ပါဝါပေးလိုက် လုပ်ပါရပါတယ်၊ ၅၉(စ)ကို ပြင်မယ်ဆိုရင် ကျနော်တို့က တပ်မတော်ထဲကို ဘော်လံဒီယာပဲ ဝင်ရဝင်ရ၊ ပေါ်တာပဲ အဆွဲခံရခံရ၊ စစ်တပ်နဲ့ပေါင်းမှာဖြစ်ကြောင်း ကြေ ညာရင်း နိဂုံးချုပ်ပါတယ်ခင်ဗျား"

ဒီနေ့ ပြုလုပ်တဲ့ပွဲကို မြန်မာအမျိုးသားရေးကွန်ရက်က ကိုဝင်းကိုကိုလတ်၊ ရှေ့နေ ဦးအေးပိုင်၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီက ဒေါ်ခင်ဝိုင်းကြည်နဲ့ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေ တို့က ပုဒ်မ ၅၉ ကို ထောက်ခံတဲ့အကြောင်း ဟောပြောခဲ့ကြပါတယ်။

ဟောပြောပွဲ တက်ရောက်လာသူ ၃ဝဝ လောက်ဟာ “မြန်မာ့နောင်ရေး စိတ်ချဖို့ ပုဒ်မ ၅၉ ထောက်ခံစို့၊ ပုဒ်မ ၅၉ ပြင်ဆင်သူ အမျိုးသားရေး ဘုံရန်သူ၊ ပုဒ်မ ၅၉ ထောက်ခံမှ တိုင်းရင်းသားတို့ဘဝ စိတ်ချရ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၅၉(စ) အား ဆိုင်းငံခြင်း၊ ပြင်ဆင်ခြင်း လုံးဝမပြုလုပ်ရန် အမျိုးသားရေး အင်အားစုများက တောင်းဆို ပါသည်” စတဲ့ ဗီနိုင်းတွေကို ကိုင်ဆောင်ခဲ့ကြပါတယ်။

ဒီကနေ့ ဟောပြောပွဲကို သံဃာတော်တွေ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်တွေ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ စတဲ့ပါတီတွေလည်း တက်ရောက်ခဲ့ကြပြီး ပုဒ်မ ၅၉ ကိုထောက်ခံတဲ့ လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီထောက်ခံပွဲနဲ့ ပတ်သက်ပြီး အာအက်ဖ်အေသတင်းထောက် ကိုကျော်ဇောဝင်းရဲ့ တင်ပြချက်ကို နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။